ထိုင်းမှာ ၄ ရက်အတွင်း မြန်မာ အလုပ်သမား ၃၀၀ ဖမ်းဆီးခံရ


2017.05.17
migrant-workers-thai-border-620.jpg ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားတချို့ကို မဲဆောက်-မြဝတီနယ်စပ်တွင် တွေ့ရစဉ်။
.

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မေလ ၁၄ ရက်နေ့ကနေ ဒီနေ့ ၁၇ ရက်နေ့အထိ ၄ ရက်အတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမား ၃၀၀ လောက် ဖမ်းဆီးခံခဲ့ရတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ က ပြောပါတယ်။

မဲဆောက်ကနေ ဘန်ကောက်ကို ခရီးသွားတဲ့ အထောက်အထားအပြည့်အစုံပါတဲ့ မြန်မာရွှေ့ပြောင်း အလုပ် သမားတွေကို ထိုင်းစစ်ဆေးဂိတ်တစ်ခု က ငွေတောင်းခံနေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာသံရုံးက အလုပ်သမားသံအရာရှိက သွားရောက်သတိပေးပြောကြားခဲ့ပြီးနောက်ပိုင်း မဲဆောက်မှာ အခုလို ဖမ်းဆီးမှုတွေ ခပ်စိပ်စိပ်လုပ်လာတာဖြစ်တယ်လို့ မြန်မာပြည်သားများ အရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဌ ဦးမိုးကြိုးက ပြောပါတယ်။

"ဒီမြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်ပြီးတော့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အလုပ်သမား သံအရာရှိ ဦးအောင်ကိုသန်းက ဦးမိုးကြိုးနဲ့အတူ ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့မှာ မဲဆောက်နဲ့ ဘန်ကောက် အဝေးပြေးကားလမ်းမကြီးပေါ်က ဟွေးလျှားဥ လို့ခေါ်တဲ့ အဖွဲ့စုံစစ်ဆေးရေး ဂိတ်ကို ကွင်းဆင်းပြီးတော့ အဲမှာ အထောက်အထား အစုံအလင်ပါတဲ့ မြန်မာအလုပ်သမားတွေကို တစ်ထောင်ကနေပြီးတော့ ဘတ် ၅ ထောင် အထိ ငွေတောင်းခံနေတာနဲ့ ပတ်သက်ပြီးတော့ ကန့်ကွက်ပြောဆိုတာတွေ၊ သတိပေးပြောဆိုတာတွေ လုပ်ခဲ့တယ်၊ တိုက်ဆိုင်စွာပဲ နောက်တစ်နေ့ဖြစ် တဲ့ မေလ ၁၄ ရက်နေ့ကနေ စပြီး ဒီနေ့ မေလ ၁၇ ရက်နေ့အထိ မဲဆောက်မှာ စီမံချက်အရ အလွှာစုံသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၀၀ လောက် ထိုင်းအာဏာပိုင် တွေက ဖမ်းဆီးတာ၊ ခပ်စိပ်စိပ်လေး ဖမ်းလာတယ်"

ထိုင်းအာဏာပိုင်တွေက စီမံချက်ကြောင့်ဆိုပြီး အထောက်အထားမဲ့တာ၊ အထောက်အထား မစုံလင်တာနဲ့ အလုပ်ရှင်နဲ့ အလုပ်လုပ်တဲ့နေရာ လွဲမှားနေတဲ့ မဲဆောက်က မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ဖမ်းဆီးနေတာ ဖြစ်တယ်လို့ ပြောပါတယ်။

မဲဆောက်မြို့က စက်ရုံတွေမှာ အလုပ်လုပ်ကိုင်နေသူတွေကိုပါ စစ်ဆေးပြီး ဖမ်းဆီးမှုတွေ ပြုလုပ်နေ တာ ဖြစ်တယ်လို့လည်း ဦးမိုးကြိုးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့အလုပ်သမားတွေဟာ စက်ရုံတွေမှာ အလုပ်လုပ်နေကြသူတွေ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆောက် လုပ်ရေး စတဲ့ကျပန်းအလုပ်သမားတွေ ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။