မြန်မာသံအမတ် ဦးတင်ဝင်းနဲ့အဖွဲ့ဟာ ဝပ်ဆိုင်းမွန်း ကျောင်းက မြန်မာသံဃာတွေ၊ ဝပ်ဆိုင်းမွန်း မြန်မာ ဗုဒ္ဓဘာသာ အသင်းဝင်တွေ၊ ချင်းမိုင်အခြေစိုက် စေတနာ နာရေးကူညီမှု အသင်းဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
အဲဒီလို တွေဆုံကြရာမှာ မြန်မာဘုန်းတော်ကြီးတစ်ပါး ကျောင်းထိုင် ထားရှိရေးနဲ့ ပတ်သက်ပြီး မြန်မာသံရုံး အနေနဲ့ အတတ်နိုင်ဆုံး ကူညီမယ်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်လည်း မကြာခင် ထိုင်းနိုင်ငံ ချစ်ကြည်ရေးခရီး လာဖို့ ရှိတာကြောင့် ဒီအကြောင်း သမ္မတကို တင်ပြမယ်လို့ သံအမတ်ကြီး ဦးတင်ဝင်းက အခုလို ပြောပါတယ်။
"အချက်လက်တွေ ရှာခိုင်းတော့ မြန်မာ ဘုန်တော်ကြီးကျောင်းက တစ်ရာကျော်တောင် ရှိတာလေ။ တဖြည်းဖြည်း လျော့လာတာ အခုက အရမ်းနည်းသွားပြီ။ ဒီမှာဆို ဒီတစ်ကျောင်းပဲ ကျန်တော့ တာကို။ နည်းလမ်းတစ်ခုကတော့ သမ္မတကြီး ခရီးစဉ်ရှိတယ်။ သမ္မတကြီး ခရီးစဉ်မှာ သမ္မတကြီးနဲ့ ဒီဘက်က ဝန်ကြီးချုပ်နဲ့ ပြောကြ ဆိုကြ ဆိုတဲ့အခါမှာ အဲဒါလေး ထည့်ပြောဖို့ဆိုတာ ကျွန်တော် သမ္မတကြီးကို တင်ပြမယ်လေ။ သမ္မတကြီးက အကြမ်းဖျင်းတော့ သိထားတာ ရှိမယ်ထင်တယ်"
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ လာမယ့် တနင်္ဂနွေနေ့မှာ ထိုင်းနိုင်ငံကို လာရောက် လည်ပတ်မှာဖြစ်ပြီး ဒီအကြောင်းကို စာနဲ့ ကြိုတင် အစီရင်ခံမယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ ဝပ်ဆိုင်းမွန်း ဆရာတော် ဦးအာသဘ ပျံလွန်ခဲ့ပြီးတဲ့နောက် ထိုင်းသံဃာနာယက အဖွဲ့က ဒီကျောင်းမှာ ထိုင်းဆရာတော်တစ်ပါး ကျောင်းထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ချင်းမိုင်မှာ မြန်မာပြည်သား ဗုဒ္ဓဘာသာဝင် ၂ သိန်းလောက် ရှိတာကြောင့် မိမိတို့ ရိုးရာ အစဉ်လာအတိုင်း ဝပ်ဆိုင်းမွန်းကျောင်းမှာ မြန်မာသံဃာတွေကပဲ အုပ်ချုပ်ဖို့ မြန်မာတွေဘက်က တောင်းဆိုနေ ကြတာပါ။
မြန်မာနိုင်ငံ သံဃမဟာနာယက အဖွဲ့ကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း လေးရာကျော်ကတည်းက မြန်မာဘုန်းတော်ကြီးတွေ အဆက်ဆက် ကျောင်းထိုင်ခဲ့တဲ့ ဒီကျောင်းမှာ မြန်မာသံဃာတွေပဲ ဆက်လက် ကျောင်းထိုင်ခွင့်ရရေး အကူညီပေးဖို့ ဘန်ကောက်က မြန်မာသံရုံးကို ပြီးခဲ့တဲ့လက စာပို့ထားကြောင်း သိရပါတယ်။