မလေရှားနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားများ စုပေါင်းပြီး နိင်ငံရေး လူမူရေးကွန်ရက်တစ်ခု ဒီကနေ့မှာ ဖွဲ့စည်းနိုင်ခဲ့ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ပြောပါတယ်။
မလေးရှားနိုင်ငံ ကွာလာလန်ပူမြို့ကို ဒီကနေ့ မွန်းလွဲပိုင်းက ရောက်ရှိလာတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ စမ်းချောင်းကိုကိုကြီးတို့နဲ့ နာရေးကူညီမူအသင်း ရန်ကုန်က ဒေါ်သန်းမြင့်အောင်တို့ဟာ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားများ၊ မြန်မာလူမှုရေးနဲ့ နိုင်ငံရေးအဖွဲ့တွေနဲ့ ဒီကနေ့ ညနေပိုင်းမှာပဲ တွေ့ဆုံဆွေးနွေခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာ ၈၈ အရေးတော်ပုံ ၂၅ နှစ်မြောက်ကာလအမီ ခုလိုကွန်ရက်ကြီးတစ်ခုဖွဲ့နိုင်တာဖြစ်တယ်လို့ ၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက ပြောပါတယ်။
"ဒီနေ့ကတော့ ရလာဒ်ကောင်းထွက်တယ်ဗျာ၊ အဲဒါကဘာလဲဆိုတော့ မလေးမှာရှိတဲ့ အဖွဲ့အစည်းတွေအကုန်လုံးက မြန်မာကွန်ရက်ကြီးတစ်ခု ပေါ်ပေါက်အောင်လို့ ကြိုးစားကြလိမ့်မယ်၊ ငွေရတု ၈ လေးလုံးစိတ်ဓာတ်နဲ့ပဲ ၈ လေးလုံးငွေရတုအမီကို ကြိုးစားကြလိမ့်မယ်၊ ဒါကတော့ ရလာဒ်ကောင်းတစ်ခုပါပဲ"
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကို မလေးရှားနိုင်ငံမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတွေရဲ့ သာရေး၊ နာရေးလုပ်ငန်းတွေ ကူညီလုပ်ကိုင်ပေးနေတဲ့ နုလုံးလှပရဟိတ လူငယ်သွေးလှူရှင်များအဖွဲ့က ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။ ၈၈မျိုးဆက်ကျောင်းသားအဖွဲ့အနေနဲ့ လာမဲ့ဇူလိုင်လ ၁၆ ရက်နေ့မှာ မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိပြီး မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားများ လုံလုံခြုံခြုံ နေထိုင်နိုင်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။
ဒီကနေ့ ၈၈ မျိုးဆက်ပွင့်လင်းလူ့ဘောင်အဖွဲ့နဲ့ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဂျင်မီကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် မေးမြန်းထားတာကိုလည်း တဆက်ထဲနားဆင်နိုင်ပါတယ်။
