မြန်မာ့ရေထွက်ပစ္စည်း အမေရိကန်မှာ ပြသမည်

အမေရိကန် ပြည်ထောင်စု ဘော့စတွန်မြို့မှာ လာမယ့် မတ်လ ၁၆ ရက်နေ့က ၁၈ နေ့ထိ ကျင်းပမယ့် “Seafood Expo North America” ရေထွက်ပို့ကုန် များပြပွဲမှာ မြန်မာနိုင်ငံက ရေထွက်ကုန်ပစ္စည်းတွေ ပါဝင်ပြသမှာ ဖြစ်ပါတယ်၊

အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုအများစုကို ဖြေလျော့ လိုက်ပြီးတဲ့နောက်၊ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ပြသခွင့်ရတာ ဖြစ်ပါတယ်။ ဒီပြပွဲကို မြန်မာနိုင်ငံ ရေထွက်ပို့ကုန်အသင်းက ဦးဆောင်ပြီး၊ ပြခန်းတစ်ခု ဖွင့်လှစ်ပြသဖို့ စီစဉ်ထားတယ်လို့ ရေထွက်ပစ္စည်း ထုတ်လုပ်သူနဲ့ ပို့ကုန်အသင်းက ဥက္ကဌ ဦးထွန်းအေးက RFA ကိုပြောပါတယ်၊

"ဒါပထမဦးဆုံးအကြိမ်ပါပဲ၊ အမေရိကန်ကလည်း ကျနော်တို့ကို ပိတ်ဆို့ထားတာ လွှတ်လိုက်ပြီးလို့ ကျနော်တို့ကုန်တွေ ဟိုဘက်ကို ပို့လို့ရပြီဆိုတော့လေ၊ အဓိကကတော့ ရေထွက်ကုန်ပေါ့၊ ဥပမာ ပုဇွန်၊ ငါး၊ ဂဏန်းပျော့ အားလုံးပေါ့၊ ပါဝင်ချင်တဲ့သူတွေ အားလုံးပါဝင်ဖို့ ဖိတ်ခေါ်ထားတယ်၊ အဓိကကတော့ ပုဇွန်၊ ငါးနဲ့ ဂဏန်းသမားရယ် လောလောဆယ် ဒီလူတွေကတော့ စာရင်းပေးထားပြီးပြီပေါ့နော်၊ ကျနော်တို့ ဒီကနေ ကုန်ထုတ်လုပ်တဲ့ စက်ရုံတွေ၊ ကုမ္ပဏီတွေအားလုံးကို စုစည်းပြီးတော့ ဗမာနိုင်ငံ ပြခန်းတစ်ခုယူပြီးတော့ပြဖို့ ကျနော်တို့ စီစဉ်ထားပါတယ်"

အရင်က အမေရိကန်မှာ မြန်မာ့ပုဇွန်ဟာ ဈေးကွက်ကောင်းခဲ့သလို အများအပြားလည်း တင်ပို့နိုင်ခဲ့ပေမယ့်၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရတွေလက်ထက်၊ မြန်မာနိုင်ငံအပေါ် အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ် ဒဏ်ခတ်အရေးယူမှုတွေကြောင့် ပုဇွန် အပါအဝင် ရေထွက်ပစ္စည်းတွေ တင်ပို့ခွင့်မရတော့ဘဲ၊ ဈေးကွက်ပျောက်သွားခဲ့ရပါတယ်။

တချိန်က အမေရိကန်မှာ လူကြိုက်များခဲ့တဲ့ မြန်မာ့ပုဇွန်တွေကို အခုလို ပြပွဲတွေကနေတဆင့် ဈေးကွက်ပြန်ရအောင် ကြိူးစားသွားမယ်လို့ ဦးထွန်းအေးက ပြောပါတယ်၊

လက်ရှိမှာ အမေရိကန်ကို ဗီယက်နမ်၊ ထိုင်းစတဲ့ နိုင်ငံတွေက ရေထွက်ပစ္စည်းတွေ အများအပြား တင်ပို့နေတာဖြစ်ပြီး ဈေးကွက်ကလည်း ခိုင်မာနေပြီဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာက တင်ပို့နေတဲ့ အရည်အသွေးကို ယှဉ်နိုင်ဖို့အတွက် အဆင့်မီတဲ့စက်ရုံ၊ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းအရည်အသွေးတွေအပြင်၊ ဈေးနှုန်းအရပါ ယှဉ်ပြိုင်နိုင်ဖို့ လိုတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကြောင့် အမေရိကန် အပါအဝင် အီးယူဥရောပသမဂ္ဂက စီးပွားရေးပိတ်ဆို့မှုတွေ ဖြေလျော့ပြီးတဲ့နောက်ပိုင်း အခုလို မြန်မာ့ရေထွက်ပစ္စည်းတွေ ပြန်လည် တင်ပို့နိုင်ခဲ့တာ ဖြစ်ပါတယ်။