ဒီဆွေးနွေးပွဲကို ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ် မစ္စတာ ဗီဂျေ နမ်ဘီယားအပြင် နိုင်ငံတကာ သံရုံးအသီးသီးက တာဝန်ရှိသူတွေ၊ ကုလအဖွဲ့အစည်းတချို့က ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပြီး အရှေ့တောင် အာရှနိုင်ငံတွေမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေကို အခြေတည် ဆွေးနွေးခဲ့ကာ ဒီဆွေးနွေးချက်တွေထဲက နမူနာယူစရာတချို့ကို မြန်မာနိုင်ငံမှာ ပြန်လည်အသုံးချဖို့ ရည်ရွယ်ကြောင်း ဒီပွဲစီစဉ်သူတစ်ဦးဖြစ်တဲ့ ဒေါက်တာကျော်ရင်လှိုင်က RFA ကိုပြောပါတယ်။
"အားလုံးက ဒါကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်မြေ၊ ကိုယ့်ရေဆိုတဲ့ အမျိုးသားနဲ့ ပတ်သက်တဲ့ သွင်ပြင်လက္ခဏာတွေကို တက်ညီလက်ညီ ခံစားတဲ့ စိတ်ဓာတ်တွေ ရှိလာဖို့အတွက် ကျွန်တော်တို့ ဒီလူမှုရေး အဖွဲ့အစည်းတွေ၊ အစိုးရ အဖွဲ့အစည်းတွေက လုပ်ဆောင်ရမဲ့ အကြောင်းအချက်တွေရှိတယ်။ ဘယ်လိုပုံစံနဲ့ လုပ်ဆောင်မလဲ။ ဘယ်လို အကျိုးရှိအောင် လုပ်မလဲဆိုတာကို ကျွန်တော်တို့က ဆွေးနွေးသွားတာ။ အဲလိုလုပ်ဆောင်တဲ့နေရာမှာ သူများနိုင်ငံတွေမှာ ဘာတွေဖြစ်ခဲ့လဲ။ ဘာတွေလုပ်ခဲ့လဲ။ ကျွန်တော်တို့ ဒီမြန်မာနိုင်ငံမှာကော ဘယ်လိုဆက်ပြီး လုပ်ကြမလဲ။ ဒီအကြောင်းတွေကို ဆွေးနွေးခဲ့တယ်။ Conflict တွေကိုပဲ အဓိကထားပြီး ဆွေးနွေးမှာ မဟုတ်ပါဘူး။ Issue တွေအားလုံးကို ဆွေးနွေးမှာ။ ဒီအခု ကျွန်တော်တို့ Conference လုပ်တာကိုက Myanmar Peace Center ရဲ့ Activity တစ်ခုအနေနဲ့ ကျွန်တော်တို့က လုပ်တာပါ"
အခုလို ဆွေးနွေးပွဲမျိုးတွေ ဆက်လက် ပြုလုပ်ဖို့ လိုအပ်ပြီး ဒီဆွေးနွေးပွဲတွေဟာ မကြာမီကဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ပဋိပက္ခအရေးကို အဖြေရှာရာမှာ အထောက်အကူပြုမှာ ဖြစ်တယ်လို့ သမိုင်းပညာရှင် ဦးထွန်းအောင်ချိန်က ဆိုပါတယ်။
"ကျွန်တော်တို့အားလုံးဆုံပြီး ဒီလိုမျိုးပွဲတွေ ဆက်လုပ်ဖို့လိုတယ်။ တွေ့ကြ၊ ဆုံကြ၊ ပြောကြ၊ ဆိုကြ။ ဒါမှပဲ ဆက်ပြီးတော့ ကျွန်တော်တို့က အလုပ်လုပ်လို့ရမယ်။ ပညာရပ်ဆိုင်ရာနဲ့ ဆွေးနွေးတဲ့သဘောပေါ့နော်။ သမိုင်းကြောင်းကနေ ပြန်ပြီးတော့ ဘာများရမလဲဆိုတာ နှိုက်ကြည့်တာ။ အထူးသဖြင့် အရှေ့တောင်အာရှ အတွေ့အကြုံ ဘယ်လိုရှိသလဲဆိုတာ ကျွန်တော်တို့ သိရတဲ့အတွက်ကြောင့် ကျွန်တော်တို့ တော်တော်လေး အားရစရာကောင်းပါတယ်။ ကျွန်တော်တို့ အဖြေရှာရမယ်လေ။ ရခိုင်အရေးက အဖြေရှာရေးအတွက် ဒီဟာ အထောက်အကူဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်"
နှစ်ရက်ကြာကျင်းပမယ့် ဆွေးနွေးပွဲမှာ ပြည်တွင်း ပြည်ပက သမိုင်းပညာရှင်တွေ၊ ဘာသာရေးအဖွဲ့အစည်း အသီးသီးက ထိပ်သီးခေါင်းဆောင်တွေ မကြာမီက ဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်က အဖွဲ့ဝင်တွေနဲ့ Myanmar Peace Center ကတာဝန်ရှိသူတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးမှာ ဖြစ်ပါတယ်။
