ဒုက္ခသည်တွေ မြန်မာနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် လျှောက်ခွင့် မရှိ

ပြည်ပနိုင်ငံတွေမှာ နိုင်ငံရေးခိုလှုံခွင့်ယူပြီး နေထိုင်ကြ တဲ့ မြန်မာနိုင်ငံသားဟောင်းတွေ အပါအဝင် ပြည် တွင်းပြည်ပ အမည်မည်းစာရင်းပါဝင်နေသူတွေနဲ့ အပြည်ပြည်ဆိုင်ရာက ဒုက္ခသည်အဖြစ် သတ်မှတ်ခြင်း ခံထားရသူတွေဟာ မြန်မာနိုင်ငံအတွင်း အမြဲတမ်းနေ ထိုင်ခွင့် Permanent Residency လျှောက်ထားခွင့် မရှိဘူးလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဋ္ဌာနက ဒီကနေ့ ပြောပါတယ်။

ရန်ကုန်မြို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဋ္ဌာနရုံးမှာကျင်းပတဲ့ မြန်မာနိုင်ငံအတွင်း အမြဲတမ်းနေထိုင်ခွင့် PR လျှောက်ထားမှုနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက အခုလို ပြောခဲ့တာပါ။

"လျှောက်ခွင့်မရှိတဲ့သူက အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်အဖြစ် သတ်မှတ်ခြင်းခံရသူ၊ နောက် တစ်ခုက နိုင်ငံတစ်ခုခုမှာ နိုင်ငံရေးခိုလှုံခွင့် ယူပြီးတော့ နေထိုင်တဲ့သူ၊ နောက်ပြီးတော့ ပြည်တွင်းပြည်ပ သို့မဟုတ် နိုင်ငံတကာ ပြစ်မှုမှတ်တမ်း စာရင်းဝင်သူတွေပါ"

နိုင်ငံရေးခိုလှုံခွင့် ယူထားသူတွေ PR လျှောက်ချင်တယ်ဆိုရင် သက်ဆိုင်ရာနိုင်ငံတွေရဲ့ နိုင်ငံရေးခိုလှုံခွင့်ကနေ ပယ်ဖျက်ရမှာဖြစ်သလို ကျန်းမာရေးကောင်းမွန်ကြောင်းနဲ့ ကူးစက်ရောဂါမရှိကြောင်း ထောက်ခံချက်လက်မှတ် လိုအပ်တယ်လို့ ညွှန်ကြားရေးမှူးချုပ်က ဦးမောင်မောင်သန်းက ပြောပါတယ်။

ဒါ့အပြင် ကျွမ်းကျင်ပညာရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ မြန်မာနိုင်ငံသားဟောင်းတွေနဲ့ နိုင်ငံသားဟောင်းတွေရဲ့ မိသားစုဝင်တွေကို အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားခွင့်ပြုမှာဖြစ်ပေမဲ့ လျှောက်ထားသူတိုင်းကို ခွင့်ပြုမှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။

အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားသူတွေကို ရွေးချယ်ရေးအဖွဲ့ ဖွဲ့ပြီး စိစစ်လက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

နေထိုင်ခွင့်ရသူတွေကို ၅ နှစ်သက်တမ်းရှိတဲ့ PR ကဒ်ကို ထုတ်ပေးမှာဖြစ်ပြီး ၅ နှစ်ကျော်သွားရင် ၁ နှစ်တစ်ခါ သက်တမ်းတိုးရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားဟောင်းတစ်ဦးအတွက် လျှောက်လွှာကြေး အမေရိကန် ဒေါ်လာ ၅၀၀ နဲ့ နှစ်စဉ်ကြေး တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၅၀၀ ပေးသွင်းရမှာဖြစ်တယ်လို့လည်း သိရပါတယ်။