အမြဲတမ်းနေထိုင်ခွင့် ဒီနှစ်အတွင်းရရှိမည်လို့ ဝန်ကြီး ဦးခင်ရီ ပြောကြား

မြန်မာနိုင်ငံမှာ ရေရှည်နေထိုင်လိုတဲ့ နိုင်ငံခြားသားတွေ ကို Permanent Residence လို့ ခေါ်တဲ့ အမြဲတမ်းနေထိုင်ခွင့်လက်မှတ် ထုတ်ပေးနိုင်အောင် ဒီနှစ်အတွင်းဆောင်ရွက်မယ်လို့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီက ပြောဆိုကြောင်း လွှတ်တော်သတင်းရပ်ကွက်ကို ကိုးကားပြီး တရုတ်ဆင်ဟွာသတင်းက မနေ့က နေ့စွဲ နဲ့ဖေါ်ပြလိုက်ပါတယ်။

လာမယ့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ဝန်ကြီးဌာနတွေ ဆောင်ရွက်မယ့်အစီအစဉ်တွေနဲ့ ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်မှာ တင်ပြတဲ့အခါမှာ ဝန်ကြီးဦးခင်ရီက ရှင်းလင်းပြောဆိုလိုက်တာလို့ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံခြားသားတွေအနေနဲ့ မြန်မာနိုင်ငံလာဖို့ ပြည်ဝင်ခွင့်လျှောက်လွှာကို အွန်လိုင်းကနေ တင်နိုင်အောင်လဲ မြန်မာအစိုးရကဆောင်ရွက်လိမ့်မယ်လို့ ဝန်ကြီးဦးခင်ရီက ပြောဆိုပါတယ်။