နိုင်ငံခြားသား အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားသူ ၈၉ ဦးကို အမြဲတမ်းနေထိုင်ခွင့်ကတ်ထုတ်ပေးဖို့ လက်ရှိ အစိုးရလက်ထက်မှာ ပထမဆုံးအကြိမ် ခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
မိသားစုအပါအဝင် ၈၉ ဦးကို ခွင့်ပြုထားတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဇော် က ပြောပါတယ်။
"လက်ရှိခွင့်ပြုထားတာ ယခင်အစိုးရလက်ထက်မှာ ၂၆၂ ယောက်ခွင့်ပြုထားတယ်။ အခုအစိုးရလက်ထက် မှာတော့ မိသားစုအပါအဝင် ၈၉ ယောက် ခွင့်ပြုထားတယ်"
နိုင်ငံခြားသား အမြဲတမ်းနေထိုင်ခွင့်ကို မြန်မာနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်တဲ့ နိုင်ငံခြားကျွမ်းကျင်ပညာရှင် ၊ မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြုှပ်နှံသူ၊ ပြည်ပကိုအကြောင်းအမျိုးမျိုးကြောင့် ထွက်ခွာသွားရတဲ့ မြန်မာနိုင်ငံ သားဟောင်း၊ မြန်မာနိုင်ငံသား သို့မဟုတ် နိုင်ငံသူနဲ့ အိမ်ထောင်ပြုထားတဲ့ ဆက်စပ်နိုင်ငံခြားသား စတဲ့ သူတွေ လျှောက်ထားနိုင်တာဖြစ်ပါတယ်။
လက်ရှိလျှောက်ထားကြသူတွေထဲမှာ အမေရိကန်မှာနေထိုင်တဲ့ မြန်မာနိုင်ငံသားဟောင်း၊ စင်္ကာပူနိုင်ငံမှာ နေထိုင် တဲ့ မြန်မာနိုင်ငံသားဟောင်းတွေက အများဆုံးလျှောက်ထားကြတယ်လို့ ပြောပါတယ်။
အမြဲတမ်းနေထိုင်ခွင့်ရသူတွေဟာ အရင်ဆုံး ၅ နှစ်နေထိုင်ခွင့်ရရှိမှာဖြစ်ပြီး၊ ငါးနှစ်အတွင်း တစ်နှစ်တစ်ကြိမ် သက်တမ်းတိုး အတည်ပြုရမှာဖြစ်ပါတယ်။ ၅ နှစ်ပြည့်ရင် ထပ်မံပြီး တစ်ကြိမ် ၅ နှစ်သက်တမ်းတိုး လျှောက် ထားနိုင်မှာဖြစ်ပါတယ်။
