ပြင်သစ်နိုင်ငံကို ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ပြင်သစ်သမ္မတ ဖရန်ဆွာအော်လန်း (Francois Hollande) တို့ မနေ့က ၄၅ မိနစ်ကြာတွေ့ဆုံခဲ့ကြပါတယ်။
ဒီလိုတွေ့ဆုံရာမှာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ဆက်လက်ဆောင်ရွက်သွားဖို့၊ ဗြိတိန်နိုင်ငံမှာ ကတိပြုပြောဆိုခဲ့တဲ့အတိုင်း နိုင်ငံရေး အကျဉ်းသားတွေကို ခြွင်းချက်မရှိ အမြန်ဆုံးပြန် လွှတ်ပေးဖို့၊ ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက် မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းအရေးယူဖို့ ပြင်သစ် သမ္မတက တိုက်တွန်းခဲ့ပြီး၊ မြန်မာနိုင်ငံ မှာ ပြည်တွင်းရေး ပဋိပက္ခတွေ ကြာရှည်စွဲမြဲနေတဲ့ အပေါ် စိုးရိမ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
ဇူလိုင်လ ၁၆ ရက် အင်္ဂါနေ့ညက ပြင်သစ်နိုင်ငံ ကို ရောက်ရှိလာခဲ့တဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ဇူလိုင်လ ၁၇ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ ဦးဆုံးပထမ တွေ့ဆုံခဲ့ပါတယ်။
အဲဒီနောက် ပြင်သစ်ဝန်ကြီးချုပ် ယူမာခ့် အီဟွတ် (Jean-Marc Ayrault) နဲ့ နေ့လည်စာစားခဲ့ပြီး၊ ညနေပိုင်းမှာ ပြင်သစ်သမ္မတ ဖရန်ဆွာ အော်လန်း (Francois Hollande) နဲ့ တွေ့ဆုံခဲ့ပါတယ်။
ပြင်သစ်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကလည်း နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်မယ် ပြောနေပေမယ့် ပြည်တွင်းမှာ ဖမ်းဆီးမှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ပေါ်ပေါက်နေတဲ့အပေါ် ဆန္ဒပြခဲ့ကြပါတယ်။
ပြင်သစ်နိုင်ငံရာက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ကိုထွေးက အလားတူ AVVZ လူ့အခွင့်အရေးအဖွဲ့ကလည်း မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်ပွဲတွေဖြစ်ပွားခဲ့တဲ့ ဒုတိယ ရဝမ်ဒါ မဖြစ်ပါစေနဲ့ လို့ ဆန္ဒပြခဲ့ကြပါတယ်။
နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF ကလည်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိူးဖေါက်ခံခဲ့ရတဲ့ သတင်းထောက်တွေအတွက် စုံစမ်းအရေးယူပေးဖို့ သမ္မတ ဦးသိန်းစိန်ဆီကို အိတ်ဖွင့်ပေးစာပေးပို့ခဲ့ပါတယ်။
ဦးသိန်းစိန်ရဲ့ ပြင်သစ်ခရီးစဉ်မှာ ထူးခြားတာက ပြင်သစ်သမ္မတ၊ ဝန်ကြီးချုပ်၊ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ပေမယ့် အဲသလို တွေ့ဆုံပြီးတိုင်းမှာ၊ ခါတိုင်းပုံမှန်တွေ့နေကျဖြစ်တဲ့ သတင်းမီဒီယာတွေနဲ့ မတွေ့ဆုံခဲ့တာပဲဖြစ်ကြောင်း AFP၊ ရိုက်တာစတဲ့ သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။
မြန်မာ့အရေးလှုပ်ရှားသူ ကိုထွေး ကလည်း "ပြင်သစ်စံတော်ချိန် ၃ နာရီကနေ ၅ နာရီ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြပါတယ်၊ ပုဒ်မ(၁၈) ၅၀၅ (ခ)နဲ့ဖမ်းဆီးထားတဲ့ လယ်သမားအရေးတက်ကြွသူတွေကို နိုင်ငံရေးအကျဉ်းသားအနေနဲ့ ပြန်လွှတ်ပေးု့ပါ" လို့ ပြောပါတယ်။
ဒါ့ပြင် ပြင်သစ်သမ္မတရဲ့ ကြိုဆိုပုံက နွေးနွေးထွေးထွေးသိပ်မရှိလှကြောင်း ရိုက်တာသတင်းက ရေးသားပါတယ်။ ပြင်သစ်နိုင်ငံခြား ကုန်သွယ်ရေးရေးဝန်ကြီးဟာ ဒီလကုန်ပိုင်းမှာ မြန်မာနိုင်ငံကိုသွားမယ်လို့ သိရပါတယ်။