ပုံနှိပ်ဥပဒေမူကြမ်း စာနယ်ဇင်းကောင်စီ လက်မခံ

0:00 / 0:00

မနေ့က ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ေဝခြင်းလုပ်ငန်း ဥပဒေမူကြမ်းကို လက်မခံကြောင်း သဘောထားကြေညာချက်တစ်စောင် ကို မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ေဝခြင်းလုပ်ငန်း ဥပဒေမူကြမ်းဟာ လွတ်လပ်စွာ ပြောဆိုသတင်းရေးသားခွင့်ကို ကန့်သတ်ချုပ်ချယ်တဲ့အချက်တွေ ပါဝင်နေတာကြောင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)အပါအဝင် သတင်းမီဒီယာသမား အတော်များများ ကန့်ကွက်ထားကြတာ ဖြစ်ပါတယ်။

မနေ့က ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ေဝခြင်းလုပ်ငန်း ဥပဒေမူကြမ်းမှာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က ပေးပို့ထားတဲ့ ပြင်ဆင်သင့်တဲ့အချက်တွေ မပါဝင်တာကြောင့် အဲ့ဒီဥပဒေကို ကန့်ကွက်တဲ့ ကြေညာချက်ထုတ်ပြန်တာဖြစ်တယ်လို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က ဦးဇော်သက်ထွေးက ပြောပါတယ်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီနဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့ သုံးကြိမ်တွေ့ဆုံညှိနှိုင်းပြီး အဲ့ဒီဥပဒေကြမ်းအပေါ် ပြင်ဆင်ဖြည့်စွက်လိုတာတွေကို စာနယ်ဇင်းကောင်စီက ဝန်ကြီးဌာနကို ပေးပို့ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

စာနယ်ဇင်းကောင်စီရဲ့ ပေးပို့ချက်တွေကို လွှတ်တော်မှာ တင်ပြသွားမယ်လို့ သဘောတူထားခဲ့ပြီး မနေ့က ဥပဒေမူကြမ်းကို အတည်ပြုရာမှာ ဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီတို့အကြား သဘောတူထားခဲ့တဲ့ အချက်အများစု မပါဝင်တာတွေ့ရတဲ့အတွက် လက်မခံနိုင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီအနေနဲ့ လွှတ်တော်တွေမှာ အဲ့ဒီဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ရှင်းလင်းတင်ပြသွားမှာဖြစ်သလို လွှတ်တော်ဥက္ကဌတွေဆီကိုလည်း စာပေးပို့သွားမယ်လို့ သိရပါတယ်။

သတင်းမီဒီယာအများစု ကန့်ကွက်ထားကြတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ေဝခြင်းလုပ်ငန်းဥပဒေ မူကြမ်းကို ပြည်သူ့လွှတ်တော်မှာ ပြင်ဆင်ချက်တွေနဲ့အတူ အတည်ပြုလိုက်တာနဲ့ ပတ်သက်လို့ စာနယ်ဇင်းသမားတွေရဲ့ သဘောထားတွေကို RFA သတင်းထောက် မဇင်မာဝင်းက စုစည်းတင်ပြထားပါတယ်။