မြန်မာဟန်းဆန်း အထည်ချုပ်စက်ရုံမှာ လူ ၄၀၀ လောက် ဆန္ဒပြ

ရန်ကုန်တိုင်း အရှေ့ဒဂုံမြို့နယ်က မြန်မာဟန်းဆန်း အထည်ချုပ်စက်ရုံမှာ အလုပ်ချိန်လျှော့ပေါ့ရေးနဲ့ အခြားအခွင့်အရေးတွေအတွက် အလုပ်သမား (၄) ရာလောက် ဒီနေ့ဆန္ဒပြနေကြပါတယ်။

စက်ရုံကို အချိန်ပြည့်လည်ပတ်တဲ့အတွက် တချို့အလုပ်သမားတွေက ၂၄ နာရီတောက်လျှောက် အလုပ်ဆင်းပေးရပြီး၊ နေထိုင်မကောင်းတဲ့အခါ ကျန်းမာရေးခံစားခွင့်မရကြသလို တခြားလူမှုရေးအရ နှိပ်စက်ခံရတာတွေလည်းရှိတဲ့အတွက် ဒီနေ့မှာ အချက် ၂၁ ချက် တောင်းဆိုထားတယ်လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

" မနက် ၇ နာရီမှာ အလုပ်ဝင်တယ် နောက်နေ့ မနက် ၈ နာရီထိုးမှ ပြန်ရပါတယ်၊ ၂၄ နာရီလောက် လိုင်းထဲကလူတွေကို ခေါ်တယ်၊ မဆင်းနိုင်တဲ့ ကလေးလည်းရှိတယ်၊ ဆင်းနိုင်တဲ့ ကလေးလည်းရှိတယ်၊ ဒါပေမယ့် သူတို့ဘက်က မဆင်းနိုင်တဲ့ ကလေးကို ဆူပူကြိမ်းမောင်းတယ် လက်မှတ်ထိုးခိုင်းတယ်၊ ဒူးထောက်ခိုင်းတယ်၊ တဖြည်းဖြည်းနဲ့ အဲ့ဒါတွေပါလာတာပေါ့၊ အိမ်မှာ သာရေး နာရေးဖြစ်တာကအစ ဘယ်သူမှ ခွင့်မရပါဘူး၊ ခွင့်ပေးရင်တောင်မှ ပိုက်ဆံဖြတ်တယ်၊ ကျွန်တော်တို့ ဘာလိုချင်တာလည်းဆိုတော့ မနက် ၇ နာရီ ခွဲကနေ ညနေ ၆ နာရီ ၁၅ ကို အလုပ်သမားတွေအကုန်လုံးက တောင်းဆိုပါတယ်"

အဲဒီစက်ရုံကို တရုတ်အမျိုးသားတွေ ထူထောင်ထားတာဖြစ်ပြီး၊ အလုပ်သမားတွေရဲ့ လုပ်ခလစာက အလုပ်ချိန် (၈) နာရီအတွက် ကျပ်ငွေ (၁၁၀၀) ဝန်းကျင်နဲ့ အချိန်ပိုလုပ်ခအတွက် ကျပ်ငွေ ၂၀၀ ကနေ ၃၀၀ ဝန်းကျင်ရကြတယ်လို့ဆိုပါတယ်။

ဒီအတောအတွင်းမှာပဲ ဒဂုံဆိပ်ကမ်းမြို့နယ်က ရွှေစကား အထည်ချုပ်စက်ရုံမှာလည်း လုပ်ခလစာ အပြည့် မရလို့ ပြီးခဲ့တဲ့ ၅ ရက်နေ့ကစပြီး အလုပ်သမားတွေဆန္ဒပြခဲ့တဲ့အတွက် ဒီနေ့တော့ လုပ်ခလစာ တရားဝင် သတ်မှတ်မယ်လို့ အလုပ်ရှင်နဲ့ အလုပ်သမား နှစ်ဖက်သဘော တူကြတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အလုပ်သမားရေးဆောင်ရွက်သူ ကိုမျိုးကိုကိုက အခုလိုပြောပါတယ်။

" ပြီးခဲ့တဲ့ လခကိုပဲ သူတို့က အပြည့်အဝ လိုချင်တာခင်ဗျ၊ လခကို အဆင့် သုံးဆင့် သတ်မှတ်ထားတယ်၊ အေအဆင့်က ကိုးသောင်းခွဲ၊ ဘီအဆင့်က ကိုးသောင်း တစ်ထောင်၊ စီအဆင့်က ရှစ်သောင်းခွဲ အဲ့လိုမျိုး ပေးမယ်ဆိုပြီးတော့ အောစူပါကနေ နှုတ်ကတိပေးထားတယ်ပြောတယ်၊ လစာထုတ်ပေးရော အဲ့လိုမျိုးမပေးလို့ ပြဿနာက အဲ့မှာ စဖြစ်တာပဲ၊ ဖြန်ဖြေရေးအဖွဲ့နဲ့ သွားရှင်းကြတယ် စုံကော်မတီအဖွဲ့ရုံးမှာပဲ နှစ်ချက်ထိုးလောက်မှာ ပြေလည်မှု ရရှိသွားတယ် ခင်ဗျ၊ ဖြန်ဖြေရေးမှာတော့ စက်တင်ဘာလ လစာကို အဲ့လိုမျိုးပေးရမယ်လို့ သဘောတူခဲ့တယ်၊ နောက်တစ်ချက်က အောက်တိုဘာလ လစာကို စက်ရုံကနေ အသစ်ပြန်ပြီးတော့ ရေးဆွဲမယ်ပေါ့ဗျာ၊ အဲ့ဒီ အောက်တိုဘာလ လစာကို အလုပ်သမားတွေက လက်ခံပေးရမယ်၊ လက်မခံနိုင်တဲ့ အလုပ်သမားက မိမိဆန္ဒအရ နှုတ်ထွက်ပေါ့ အဲ့လိုမျိုးတွေပါတယ် စာချုပ်ထဲမှာ"

အဲဒီ ရွှေစကား အထည်ချုပ်စက်ရုံကိုလည်း မြန်မာလူမျိုးအမည်ခံပြီး တရုတ်အမျိုးသားတွေ တည်ထောင်ထားတာဖြစ်ပြီး အလုပ်ရှင်က အလုပ်သမားခန့်တဲ့အခါ အလုပ်သမားရဲ့ တာဝန်နဲ့ ရပိုင်ခွင့်ကို တိတိကျကျသတ်မှတ်ထားတာမျိုးမရှိဘဲ အဆင်ပြေသလို ခန့်နေတာဖြစ်ကြောင်း သိရပါတယ်။