မြန်မာ့ဆန်တင်ပို့မှု နှစ် ၅၀ နီးပါးအတွင်း အမြင့်ဆုံးစံချိန်ချိုး


2013.05.08

မြန်မာနိုင်ငံဟာ ၂၀၁၂ ခုနှစ်မှာ ဆန်တန်ချိန် ၁ သန်းကျော် ပြည်ပကိုတင်ပို့နိုင်ခဲ့ပြီး အဲဒီတင်ပို့နိုင်ခဲ့တဲ့ပမာဏဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၆ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အခုလာမယ့် ၂၀၁၃ -၂၀၁၄ ဘဏ္ဍာရေးနှစ်မှာလည်း ဧည့်မထဆန် တန်ချိန် ၃ သန်း ပြည်ပတင်ပို့သွားမှာဖြစ်ပြီး၊ ဂျပန်၊ အင်ဒိုနီးရှား၊ ရုရှား၊ စပိန်စတဲ့ နိုင်ငံတကာ ဈေးကွက်သစ်တွေလည်း  ရရှိထားပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်းက ဒေါက်တာစိုးထွန်းက RFA ကို ပြောပါတယ်။

“လက်ရှိတော့ ကျနော်တို့ အခုသွားမှာကတော့ ဥရောပဘက်အထိ စမ်းပြီးပို့နေတာရှိပါတယ်၊ အကြမ်းဖျင်း တန်ချိန် ၅ ထောင်လောက်တော့ ပို့ထားတာရှိပါတယ်၊ နောက်တစ်ခုက အင်ဒိုနီးရှားနဲ့တော့ သမ္မတကြီးခရီးစဉ်မှာတော့ တန်ချိန် ၅ သိန်းလောက် ပို့ထားတာရှိပါတယ်၊ ဒါကပထမဆုံး ကျနော်တို့တိုင်းပြည်အနေနဲ့ နှစ်ပေါင်း ၄၆ နှစ်အတွင်းမှာ ပထမဆုံးအချိန်ပြန်ပြီးတော့မှ တန်ချိန် ၁ သန်းကျော် တင်ပို့နိုင်တာပါ”

မြန်မာ့ဆန်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အာဖရိကဈေးကွက်တစ်ခုထဲကိုသာ အဓိကထား တင်ပို့ရောင်းချခဲ့တာပါ။

မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ အရှိန်ရလာတာကြောင့် ဥရောပသမဂ္ဂ EU အဖွဲ့က ပြီးခဲ့တဲ့ ဧပြီလကတည်းက စီးပွားရေးပိတ်ဆို့မှုတွေ ရုတ်သိမ်းလိုက်ပါတယ်။

အဲ့ဒီအတွက် မြန်မာ့ဆန်ဈေးကွက်ဟာ ကမ္ဘာ့ဆန်ဈေးကွက်ထဲ ပြန်လည်ဝင်ရောက်လာခဲ့ပြီး အခုလက်ရှိမှာ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဆန်တင်ပို့မှုအဆင့် နံပါတ် ၅ မှာ ရောက်ရှိနေပြီလို့လည်း သိရပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်းက ဒေါက်တာစိုးထွန်းကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။