ဒီလို ပို့ကုန်အရေးယူမှု လျှော့ချနိုင်ဖို့အတွက် သမ္မတ အိမ်ဖြူတော်၊ အမေရိကန် နိုင်ငံခြားရေးဌာနနဲ့အမေရိကန် လွှတ်တော်တို့ ဆွေးနွေးနေကြပါတယ်။
ဒါပေမယ့် လျှော့ပေးဖို့ ကြိုးစားနေတဲ့အထဲမှာ စစ်ဘက်ဆိုင်ရာ ပိတ်ပင်ထားတာတွေ မပါဝင်ဘူးလို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံသားတွေ မြန်မာနိုင်ငံမှာ စီးပွားရေးရင်းနှီးမြုပ်နှံခွင့် ပိတ်ဆို့ထားတာကိုတော့ အမေရိကန်သမ္မတ အိမ်ဖြူတော်ရဲ့ လုပ်ပိုင်ခွင့်နဲ့ ဖြေလျှော့ပေးခဲ့ပြီး ဖြစ်ပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံကသွင်းကုန် ပိတ်ဆို့ထားတာ လျှော့ပေးဖို့ကိုတော့ အမေရိကန် လွှတ်တော်ရဲ့ သဘောတူချက်ရဖို့လိုနေပြီး လွှတ်တော်ရဲ့ သဘောတူချက်ကို နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲ မတိုင်ခင် ရဖို့ကတော့ ဖြစ်နိုင်ခြေ နည်းတယ်လို့ သတင်းစာက ရေးပါတယ်။
ဒါပေမယ့် သမ္မတ ဦးသိန်းစိန် အမေရိကန်ကို ရောက်တဲ့အခါမှာ မြန်မာပို့ကုန် ပိတ်ဆို့ထားမှုကို စတင်ဖြေလျှော့ပေးနေပြီ ဆိုတဲ့အကြောင်း အမေရိကန်အစိုးရက တရားဝင် ကြေညာနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ ဒီရလဒ် ထွက်လာဖို့ အမေရိကန်နိုင်ငံခြားရေးဌာနက ကမကထပြု ဆောင်ရွက်နေပါတယ်။
ဒီကိစ္စမှာလွှတ်တော်ရော၊ ဒေါ်အောင်ဆန်းစုကြည်ကပါ ထောက်ခံမယ်ဆိုရင် ဖြစ်လာနိုင်တယ်လို့ ဝါရှင်တန်အခြေစိုက် သုံးသပ်သူတွေက ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်လွှတ်တော်က ချီးမြှင့်မယ့် ရွှေတံဆိပ်ဆု လက်ခံဖို့ လာမယ့် ၁၇ ရက်နေ့မှာ ဝါရှင်တန်ဒီစီမြို့ကို ရောက်မှာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်ကတော့ ကုလသမဂ္ဂ အထွေထွေညီလာခံတက်ဖို့ နယူးယောက်မြို့ကို လာမှာဖြစ်ပါတယ်။