မြန်မာ့သွင်းကုန် တားမြစ်ချက် စက်တင်ဘာလကုန်ပိုင်းမှာ ကုန်ဆုံးမည်

မြန်မာနိုင်ငံက သွင်းကုန်တွေ တားမြစ်တဲ့ အမေရိကန် ဥပဒေ သက်တမ်းကို စက်တင်ဘာလကုန်ပိုင်းလောက်မှာ ကုန်ဆုံးမယ်လို့ ယာယီ သတ်မှတ်လိုက်ပါတယ်။

အချေအတင် ဖြစ်နေတဲ့အတွက် မြန်မာ့သွင်းကုန် တားမြစ်ချက်ကို ယာယီအားဖြင့် သက်တမ်း ကုန်ဆုံးမယ့်ရက် သတ်မှတ်လိုက်တာပါ။ အာဖရိက ကုန်သွယ်ရေးနဲ့ မြန်မာ့သွင်းကုန် တားမြစ်ချက် ကိစ္စနှစ်ရပ်ကို ဥပဒေကြမ်း တစ်စောင်တည်းမှာ တွဲထားပါတယ်။ ဒီကိစ္စတွေကို လွှတ်တော် တစ်လလုံးနားမယ့် သြဂုတ်လ မတိုင်ခင် အတည်ပြုချက် ရနိုင်မယ်လို့ အမတ်တွေက မျှော်လင့်ထားတာပါ။

မြန်မာ့သွင်းကုန် ပိတ်ပင်ရေး သက်တမ်းတိုးနိုင်ဖို့ အထက်လွှတ်တော် ရီပတ်ပလီကင် ခေါင်းဆောင် Mitch McConnell က ဒီ ကိစ္စနှစ်ရပ်ကို သီးခြားစီ ခွဲထုတ်ဖို့ အဆိုတင်ပါတယ်။ ဒါပေမဲ့ အထက်လွှတ်တော် ဘဏ္ဍာရေး ကော်မတီ ဥက္ကဋ္ဌ ဖြစ်တဲ့ ဒီမိုကရက်ပါတီက Max Baucus က အာဖရိက ကုန်သွယ်ရေး အစီအစဉ်ကို အတည်ပြုမယ့် ကိစ္စကို ထိပါးနိုင်တဲ့အတွက် Mitch McConnell ရဲ့ အဆိုကို ပယ်ချပါတယ်။

ဒါ့အပြင် ပါတီ နှစ်ရပ်စလုံးက နှစ်ရှည်လများ ထောက်ခံခဲ့တဲ့ မြန်မာ့သွင်းကုန် တားမြစ်တဲ့ ဥပဒေ သက်တမ်းတိုးရေး ကိစ္စကို သူတို့ပါတီ အကျိုးအတွက်ဖြစ်အောင် ဒီမိုကရက်တွေက လုပ်နေတယ်ဆိုတဲ့ ရီပတ်ပလီကင်အမတ် Mitch McConnell ရဲ့ စွပ်စွဲချက်ကိုလည်း ပယ်ချပါတယ်။