အောက်တိုဘာ ၄ ရက်နေ့အထိ ရက်သတ္တ ၃ ပတ်ကြာ သင်ကြားမဲ့ ဒီသင်တန်းကို ချင်းမိုင်အခြေစိုက် ဗဟုဖွံ့ဖြိုးမှုအဖွဲ့က ဦးဆောင် စီစဉ်ခဲ့တာဖြစ်ပြီး ချင်းမိုင်တက္ကသိုလ် ပါမောက္ခတွေက သင်ကြားပို့ချမှာ ဖြစ်တယ်လို့ ဗဟု ဖွံ့ဖြိုးမှုအဖွဲ့ခေါင်းဆောင် ဦးအောင်နိုင်ဦးက အာအက်ဖ်အေကို ပြောပါတယ်။
"ဒေသန္တရအုပ်ချုပ်ရေးတို့ လူထု စီမံခန့်ခွဲမှုဆိုင်ရာ ပညာရပ်၊ မီဒီယာနဲ့ ဆက်ဆံရေးပေါ့နော်။ နောက်ပြီးတော့ ကျွန်တော်တို့ ရွေးကောက်ပွဲတွေရဲ့ သဘောသဘာဝတွေပေါ့။ Management ဒါတွေ ကျွန်တော်တို့ သင်ပေးမယ်။ ပြီးတော့ ဒီထိုင်းနိုင်ငံရဲ့ ဘတ်ဂျက်သုံးစွဲမှုကိစ္စ၊ ထိုင်းနိုင်ငံရဲ့ လူထုစီမံခန့်ခွဲမှု အုပ်ချုပ်ရေးနဲ့ ဆိုင်တဲ့ကိစ္စတွေ၊ ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ် နိုင်ငံရေးနဲ့ လူထုစီမံခန့်ခွဲရေး ဌာနမှာ သူတို့က ဦးဆောင်ပြီးတော့ သင်ကြားမှာ ဖြစ်ပါတယ်"
ဒါ့အပြင် ထိုင်းနိုင်ငံက လွတ်တော်အမတ်တွေနဲ့ ပေါ်လစီကိစ္စနဲ့ မူဝါဒဆိုင်ရာ ကိစ္စတွေ သင်တန်းပေး လေ့ကျင့်ပြီး သုတေသနလုပ်ငန်းတွေ ဆောင်ရွက်တဲ့ဌာန၊ ထိုင်းနိုင်ငံရဲ့ ပါလီမန်၊ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ သယ်ယူပို့ဆောင်ရေး၊ သွားလာလှုပ်ရှားမှုစနစ်တွေ အပါအဝင် ချင်းမိုင် မြို့တော်ဝန်ရုံးနဲ့ ချင်းမိုင်မြို့က အမှိုက်တွေကနေ လျှပ်စစ်မီး ထုတ်လုပ်တဲ့ ကိစ္စတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာဖို့ပါ စီစဉ်ထားကြောင်း သိရပါတယ်။
တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေရဲ့ အုပ်ချုပ်ရေးဟာ ဒီမိုကရေစီ တိုးတက်ရေး ဖွံ့ဖြိုးရေးအတွက် အလွန်အရေးကြီးတာကြောင့် ပါတီခေါင်းဆောင်တွေကို ခေါ်ယူပို့ချပေးရတာ ဖြစ်တယ်လို့ ဦးအောင်နိုင်ဦးက ဆက်ပြောပါတယ်။
"ဒေသန္တရအုပ်ချုပ်ရေး ကောင်းမွန်ဖို့ဟာ ဒီမိုကရေစီမှာ အဓိကကျတယ်။ အထူးသဖြင့်တော့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးတွေပေါ့နော်။ အခု ကျွန်တော်တို့ နိုင်ငံမှာဆိုရင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အုပ်ချုပ်ရေးဟာ အောက်ခြေမှာ ဒီမိုကရေစီ တိုးတက်ရေး ဖွံ့ဖြိုးရေးအတွက် အရမ်းအရေးကြီးတယ်။ ဒါကြောင့်မိုလို့ ဒီသဘော သဘာဝတွေ နားလည်အောင် ကျွန်တော်တို့ အစတည်းက အာရုံစိုက်ခဲ့တာပေါ့နော်။ ဟိုတုန်းကတော့ အခြေအနေ မပေးလို့ ကျွန်တော်တို့ သွားဖို့ လာဖို့ကလည်း ခက်တော့ မလုပ်နိုင်ဘူးပေါ့နော်။ အခုကတော့ အခြေအနေလည်းပေးတယ်။ ဒီကိစ္စမျိုးကို ထောက်ပံ့ အားပေးမည့်လူလည်း ရှိတဲ့အတွက် ကျွန်တော်တို့ လုပ်တာပေါ့နော်"
ပြီးခဲ့တဲ့ သြဂုတ်လတုန်းကလည်း နိုင်ငံရေးပါတီ ခေါင်းဆောင် ၂၂ ဦးကို အခုလို သင်တန်းတစ်ကြိမ် ပို့ချခဲ့ပါတယ်။ ဒီသင်တန်းပေးနိုင်ဖို့ အတွက်ကိုတော့ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ ပြီးခဲ့တဲ့ ၂ နှစ်ခန့်ကတည်းက စီစဉ်ဆောင်ရွက်နေတာဖြစ်ပြီး အခုမှ အကောင်အထည် ဖော်ပေးနိုင်တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
