ရွေးကောက်ပွဲနေ့မှာ မဲရုံးမှူးတွေအဖြစ် တာဝန်ထမ်းဆောင်ရမယ့် နယ်ပယ်အသီးသီးက ဆရာ/ဆရာမတွေအနေနဲ့ တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်အောင်ဆောင်ရွက်တဲ့အခါမှာ ဘယ်လို ဖိအားမျိုးကိုမှ မကြောက်ကြဖို့နဲ့ အခက်အခဲ အကြပ်အတည်းဖြစ်လာရင် ဆက်သွယ်ကြဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ်က ဒီနေ့ပန်ကြားလိုက်ပါတယ်။
ဖိအားအမျိုးမျိုးတွေရှိခဲ့ရင် ဝန်ထမ်းဖြစ်နေရတဲ့အတွက် စိုးရိမ်ပူပန်ပြီး အခက်အခဲတွေ့မှာကို ကူညီလိုတဲ့အတွက် အခုလိုကြေညာလိုက်တာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဆရာဦးသန်းထိုက်အောင်က RFA ကိုပြောပါတယ်။
"မဲရုံမှာတာဝန်ကျမယ့် ဆရာဆရာမတွေရဲ့ သောကပေ့ါဗျာ၊ ကိုယ်တိုင်ကလည်း ဝန်ထမ်းတွေဖြစ်နေတော့ ငါတို့ အလုပ်ကိုပဲ ထိခိုက်နိုင်မလား စိုးရိမ်ပူပန်မှုတွေ နည်းနည်းမြင့်တက်လာတယ်၊ သမာသမတ်ကျစွာ ဆောင်ရွက်ပေး တဲ့အတွက်လည်း သူတို့မှာ ဖိအားပေးမှုမျိုးတွေပေါ့ ဘယ်အဖွဲ့အစည်းကပဲဖြစ်ဖြစ် ရွေးကောက်ပွဲကော်မရှင် ကပဲဖြစ်ဖြစ် တခြားသောအဖွဲ့အစည်းကပဲဖြစ်ဖြစ် အတိုက်အခံပါတီတွေကပဲဖြစ်ဖြစ် သူတို့ကိုသြဇာသုံးပြီး ဖိနှိပ်မှာတွေကို တွန်းလှန်နိုင်အောင် ကျနော်တို့က နောက်ကနေ တွန်းအားပေးထားတယ်၊ မှန်ကန်စွာရပ်တည်ပြီး သမာသမတ်ကျစွာ ဆောင်ရွက်ပေးခြင်းအားဖြင့် ဖြတ်သန်းကြဖို့ သူတို့ကို ကူညီပေးချင်တဲ့သဘောပေါ့"
သူတို့အဖွဲ့ချုပ်ကို ကြေညာချက်မှာဖော်ပြထားတဲ့ အီးလ်မေးတွေ၊ တယ်လီဖုန်းတွေကနေ ရွေးကောက်ပွဲနေ့မှာ ဘယ်အချိန်မဆို ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။ ဆရာ/ဆရာမများအဖွဲ့ချုပ်ဟာ တရားမျှတတဲ့ ရွေးကောက် ပွဲဖြစ်ရေးအတွက် တခြားအရပ်ဘက်အဖွဲ့တွေနဲ့လည်း ဆက်သွယ်ဆောင်ရွက်ထားတယ်လို့ပြောပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ်က ပြန်ကြားရေး တာဝန်ခံ ဆရာ ဦးသန်းထိုက်အောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။