မြန်မာစစ်တပ် အကြီးအကဲနဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း အတူရေကစား

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာဝပ်တို့ဟာ ဧပြီလ ၁၆ ရက် သြင်္ကန်အတက်နေ့က ပြင်ဦးလွင် မြို့မှာ တွေ့ဆုံခဲ့ကြောင်း မစ္စတာသက်ဆင်ရဲ့ လူမှုရေးစာမျက်နှာမှာ ဖော်ပြထားပါတယ်။

သူတို့နှစ်ဦးရဲ့ တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး အသေးစိတ် ဖော်ပြထားတာမရှိပေမယ့် မြန်မာ သြင်္ကန်ကို ဆင်နွှဲခွင့်ရတာနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံရတဲ့အပေါ် ဝမ်းသာမိကြောင်း ရေးသားထားပါတယ်။

မစ္စတာသက်ဆင်ဟာ သြင်္ကန်အကျနေ့ကလည်း ထားဝယ်ကို သွားရောက်ခဲ့တယ်လို့ သူ့ရဲ့လူမှုရေးစာမျက်နှာ Facebook မှာ ဖော်ပြထားပါတယ်။

သူဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း သမ္မတ ဦးသိန်းစိန်ကို နေပြည်တော်မှာ သွားရောက်တွေ့ခဲ့ပါတယ်။ ဒါ့အပြင် မတ်လ ၂၁ ရက်ကလည်း ကိုယ်ပိုင်လေယာဉ်နဲ့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့ပြီး ထားဝယ်ကို သွားရောက်ခဲ့ပြီး ဒီခရီးစဉ်မှာ ထိုင်းလုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံထားတဲ့ စီးပွားရေးလုပ်ငန်းခွင်ကို လေ့လာခဲ့ပါတယ်။

၂၀၀၆ ခုနှစ် စစ်တပ်က အာဏာသိမ်းခဲ့အပြီး ဝန်ကြီးချုပ်ရာထူးက ဖယ်ရှားခံရတဲ့ မစ္စတာသက်ဆင်ဟာ အဂတိလိုက်စားမှု စွဲချက်တွေနဲ့ ပြည်ပမှာ တိမ်းရှောင်နေရသူဖြစ်ပြီး ထိုင်းနိုင်ငံရဲ့လက်ရှိဝန်ကြီးချုပ် ယင်လတ်ရဲ့ အစ်ကိုအရင်း ဖြစ်ပါတယ်။