ထိုင်း-မြန်မာနယ်စပ် ကလေး ၃ဝဝ ကျော် အာဆီယံ ချစ်ကြည်ရင်းနှီးမှု စခန်းဖွင့်

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မယ်ကုဝိထရ ထိုင်းအလယ်တန်းကျောင်း မှာ ရွှေ့ပြောင်းမြန်မာစာသင်ကျောင်း က ကလေးတွေ အပါအဝင် ကျောင်းသား ကျောင်းသူ ၃ဝဝကျော်ဟာ We are ready for ASEAN ဆိုတဲ့ ခေါင်းစဉ်နဲ့ စခန်းသွင်းတွေ့ဆုံတဲ့ပွဲကို ဒီကနေ့ မနက်ပိုင်းမှာ တက်ရောက်ခဲ့ကြပါတယ်။

ဒီတွေ့ဆုံပွဲကို ၂ရက်ကြာပြုလုပ်မှာဖြစ်ပြီး ထိုင်း-မြန်မာကလေးတွေအချင်းချင်း အင်္ဂလိပ်ဘာသာနဲ့ ဆက်ဆံစေမှာဖြစ်ပါတယ်။ ဘဝမှာတွေ့ကြုံခဲ့ရတဲ့ စိတ်ခံစားမှု၊ လှုပ်ရှားဆောင်ရွက်ခဲ့တာတွေ၊ ဝတ်စားဆင်ယဉ်မှု၊ ရာသီဥတု၊ သတင်းမီဒီယာ၊ ခရီးသွားလာမှုအတွေ့အကြုံတွေနဲ့ ကုန်သွယ်မှုဆိုင်ရာ အသိအမြင်တွေကို ဖလှယ်ကြမှာလို့ သိရပါတယ်။

ဒီလိုတွေ့ဆုံပွဲပြုလုပ်ရတာနဲ့ပတ်သက်လို့ Morning Glory ကျောင်းရဲ့ဒါရိုက်တာက ထိုင်းကလေးတွေနဲ့ မြန်မာကလေးတွေ အတူတကွနေထိုင်နိုင်ပြီး တစ်ဦးနဲ့တစ်ဦးသာတူညီမျှ အပြန်အလှန် နားလည်သဘောပေါက်ပြီး မိတ်ဆွေရင်းခြာလို ခံစားမိစေဖို့၊ ဘာလို့လဲဆိုတော့ အာဆီယံတစ်နိုင်ငံတည်း အခြေအနေထိဖြစ်လာဖို့ ရည်ရွယ်လို့ဖြစ်ပါတယ် လို့ ပြောပါတယ်။

ဒီတွေ့ဆုံပွဲကိုလာရောက်ခဲ့တဲ့ ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းက ကျောင်းသူတစ်ဦးကတော့ အခုလိုပြောပါတယ်။

အာဆီယံမှာရှိတဲ့ နိုင်ငံအကုန်လုံး အလံတွေပေါ့နော် အလံတွေကို ဖလှယ်ကြတာပေါ့နော် သမီးတွေ့တယ် အခုဗမာနဲ့ ထိုင်းပေါ့နော် အာဆီယံကိုကိုယ်စားပြုပြီးတော့ ထိုင်းကျောင်းသူ ကျောင်းသားတွေရော ဗမာကျောင်းသူ ကျောင်းသားတွေရော အဲလိုမျိုး ချစ်ကြည်ရေး ယူတာပေါ့နော်။

အလယ်တန်းအဆင့် ထိုင်း-မြန်မာ ကျောင်းသားလူငယ်တွေ့ဆုံပွဲမှာ မယ်ကုဝိထရ ထိုင်း အလယ်တန်းကျောင်းက ကျောင်းသူကျောင်းသားတွေအပါအဝင် ရွှေ့ပြောင်းမြန်မာ စာသင်ကျောင်းတွေဖြစ်တဲ့ SAW အထက်တန်းကျောင်းနဲ့ BHSOH အထက်တန်းကျောင်းက အလယ်တန်းအဆင့် ကျောင်းသူကျောင်းသားတွေ၊ Morning Glory ကျောင်းက ကလေးတွေ စုစုပေါင်း ၃ဝဝကျော် တက်ရောက်ခဲ့ကြပါတယ်။