မြန်မာနဲ့ထိုင်းကြား ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ပြဌာန်းဖို့ ညှိနှိုင်း


2013.08.15

မြန်မာနဲ့ ထိုင်းနှစ်နိုင်ငံကြား ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့် သတ်မှတ်ပြဌာန်းဖို့ မြန်မာဘက်က တင်ပြခဲ့တဲ့အပေါ် ထိုင်းဘက်က အားတက်သရောမရှိဘဲဖြစ်နေတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ ဟွာဟင်းမြို့က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲအတွင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဗုဒ္ဓဟူးနေ့ကကျင်းပခဲ့တဲ့ ထိုင်း မြန်မာ သံတမန်ဆက်ဆံရေး (၆၅) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က နှစ်နိုင်ငံကြား ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ကို တင်ပြခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒုဝန်ကြီးချုပ်တာဝန် ပူးတွဲဆောင်ရွက်နေတဲ့ ဆူရာပေါင်က နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့်အတွက် တခြားဌာနတွေနဲ့ အသေးစိတ်ဆွေးနွေးဖို့လိုကြောင်း၊ ယခုအခါ ထိုင်းအစိုးရအနေနဲ့ မြန်မာနိုင်ငံကနေ တရားမဝင်ခိုးဝင်လာသူတွေကိစ္စအတွက် စိုးရိမ်ပူပန်နေရကြောင်း၊ အထူးသဖြင့် ရိုဟင်ဂျာတွေကို ထိုင်းနိုင်ငံက ၆ လအထိ လက်ခံထိန်းသိမ်းထားမယ်ဆိုပေမယ့် ယခုအခါ သတ်မှတ်ကာလ ကျော်လွန်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ နိုင်ငံသားစိစစ်ရေးကိစ္စတွေ အမြန်ဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ထိုင်းထိန်းသိမ်းရေးစခန်းနှစ်ခုမှာရှိတဲ့ ရိုဟင်ဂျာတွေထဲမှာ မြန်မာနိုင်ငံကလာသူ ၁ဝ ရာနှုန်းပဲရှိပြီး၊ ကျန်တာတွေက ဘင်္ဂလားဒေ့ရှ်က လာသူတွေဖြစ်တယ်၊ သူတို့ဟာ မြန်မာစကားလည်းမတတ်၊ မြန်မာပြည် ဘယ်နေရာကလာတယ်ဆိုတဲ့ အထောက်အထားလည်း မရှိကြဘူးလို့ ပြောပါတယ်၊

ထိုင်းအနေနဲ့ကတော့ ရိုဟင်ဂျာတွေကို ဆက်လက်လက်ခံထားမှာ မဟုတ်တော့ဘဲ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ကုလသမဂ္ဂတို့နဲ့ ညှိနှုင်းပြီး၊ ဆိုင်ရာနိုင်ငံတွေက ပြန်လက်ခံမလား၊ တတိယနိုင်ငံတွေက လက်ခံမလား ဆွေးနွေးမှာဖြစ်ပြီး၊ အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကိုလည်း ဘယ်လိုကူညီနိုင်မလဲ မေးမြန်းမယ်လို့ ဆူရာပေါင်က ပြောပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။