လူကုန်ကူးခံရ မြန်မာ ၄ဝ ကျော် လွတ်မြောက်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးက စမွတ်ဆာခွန်ခရိုင် မဟာချိုင်မြို့မှာရှိတဲ့ ပုဇွန်ခွာတဲ့အလုပ်ရုံမှာ လူကုန်ကူး သူတွေ ရောင်းစားခံထားရတဲ့ မြန်မာနိုင်ငံသား ၄၄ ယောက်ကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ MAT နဲ့ မြန်မာသံရုံးအရာရှိတွေက ထိုင်းရဲတပ်ဖွဲ့ အကူအညီနဲ့ မေလ ၁၂ ရက်နေ့ ညပိုင်းမှာ ကယ်တင်ခဲ့ တယ်လို့ သိရပါတယ်။

မဟာချိုင်မြို့ ကော့စမုတ်ရပ်ကွက်မှာရှိတဲ့ ထိုင်းယူနီယံ ပုဇွန်ကုမ္ဗဏီအနောက်ဖက်က ပုဇွန်အခွံခွာတဲ့အလုပ်ရုံ မှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေဟာ လုပ်အားခအပြည့်အဝ မရကြတဲ့အပြင် ပွဲစားခအတွက် အလုပ်လုပ်ပြီး အကြွေးပြန်ဆပ် ပေးနေရတယ်လို့ဆိုပါ တယ်။ အဲ့ဒီအလုပ်သမားတွေထဲက ကိုဝေယံမိုး ဆိုသူ က ထွက်ပြေးလာပြီး MAT အဖွဲ့ကို အကူအညီတောင်းခံ ခဲ့ရာက အခုလို ကယ်တင်နိုင်ခဲ့တာ ဖြစ်တယ်လို့ MAT အဖွဲ့ရဲ့ ညွန်ကြားရေမှူး ဦးကျော်သောင်း ကပြော ပါတယ်။

"ကျနော်တို့ရုံးမှာ တစ်ပတ်လောက် ခိုလှုံနေတဲ့ အဲ့ဒီ ပုဇွန်အခွံခွာတဲ့အလုပ်ရုံက လုပ်ငန်းရှင်နှိပ်စက်လို့ ထွက်ပြေးတိမ်ရှောင်လာတဲ့ အလုပ်သမား နှစ်ယောက်ကို ကျနော်တို့က အဲ့ဒီ ရဲအရာရှိနဲ့ တွေ့ပေးလိုက်ပြီးတော့ မှ ကျနော်တို့က ပုဇွန်ရုံကို ခေါ်ပြီးတော့လိုက်ပြတယ်၊ ပြတဲ့အခါမှာ ပုလိပ်မြင်ရင် ဗမာအလုပ်သမားတွေ က ကြောက်တယ်လေ၊ ကားတွေတဝီးဝီးနဲ့ လေးငါးခြောက်စီးလောက် ဝင်လိုက်တော့ ကြောက်သွားတာပေါ့ မထွက်ရဲဘူး မထွက်ရဲတဲ့အခါ ကျနော်တို့ရုံးမှာ ခိုလှုံနေတဲ့ အဲ့ဒီ ဝေယံမိုးနဲ့ နောက်ကောင်လေး တစ်ယောက် နဲ့က ဟေ့ ငါတို့တွေ လာတာလေ မင်းတို့တွေ လွတ်ချင်ရင် ထွက်လာခဲ့ဆိုမှ ဝုန်းဆိုထွက်ပြေးလာတာ၊ ထွက်လာ တဲ့ အချိန်ခါမှ ကျနော်တို့ အတွင်းရေးမှူးကနေပြီးတော့မှ အဲ့ဒီ စာဝါဒီကန် သံအမတ်တို့ကို ခေါ်လိုက်ပြီးတော့မှ အဲ့ဒီမှာ ပြဿနာတွေ ရှင်းကြတော့တာပဲဗျို့၊ ထိုင်းအလုပ်သမား ဖြေရှင်းရေးရုံးတွေ ပေါ့ဗျာ အဲ့ဒါတွေခေါ်ပြီးတော့မှ ရှင်းကြလင်းကြရတာ"

ထိုင်းနိုင်ငံမှာ တစ်ရက်လုပ်ခလစာ ဘတ် သုံးရာနှုန်းပေးဖို့ အစိုးရက သတ်မှတ်ထားပေမဲ့ အဲ့ဒီ ပုဇွန်ခွာတဲ့ အလုပ်ရုံက မြန်မာတွေဟာ ဘတ်ငွေ ၁ဝဝ ပတ်ဝန်းကျင်သာရရှိကြပြီး တခြားမတရားခိုင်းစေမှုတွေကိုလည်း ခံနေကြရတယ်လို့ မွန်ပြည်နယ်ကနေလာရောက်ပြီး ၂ နှစ်ကျော်ကြာ အလုပ်လုပ်ကိုင်နေတဲ့ မနွယ်နွယ်အေးက RFA ကို ပြောပါတယ်။

"မနက် လေးနာရီထလို့ရှိရင် ညဆိုရင် ခုနှစ်နာရီ ရှစ်နာရီရှိတယ် အဲ့ဒါကို တစ်နေ့ကို တစ်ရာပဲရတယ်၊ အလုပ် အများကြီးလုပ်ပြီး ပိုက်ဆံကမရဘူး၊ အခုထွက်လာတာက သူ့အကြွေး တစ်သောင်းခွဲ တက်တယ်၊ ပွဲစားက ငါးထောင်ဖြတ်စားတယ် ငါးထောင်ဖြတ်စားတော့ နှစ်သောင်းနဲ့ဆပ်ရတယ် သမီးတို့က ၂ နှစ်လုပ်ဆပ်ရတယ်၊ ၂ နှစ်လုပ်ဆပ်ရတော့ သမီးက အဲ့ဒီမှာ အိမ်ထောင်ပြု လိုက်တော့ အကြွေးကျေသွားတယ်၊ အကြွေးကျေတဲ့ အချိန်မှာ အဲ့ဒီမှာ သူဌေးက မပေးထွက်ဘူး၊ မပေးထွက်တော့ ပိုက်ဆံလည်း မထုတ်ဘူး၊ သမီးတို့ ပိုက်ဆံလည်း ယူထားတယ် နည်းတာမဟုတ်ဘူး၊ အဲ့ဒါနဲ့ သမီးတို့က တိုင်ထားတယ်၊ အဲ့ဒါ သမီးတို့က မကျေနပ်ဘူး လုပ်ခတွေ လည်း မရဘူး အိပ်ရေးလည်းပျက်ခံရတယ်၊ လူလည်းပင်ပန်းပြီးတော့ အစားအသောက်လည်း မစားရဘူး ငတ်လည်းငတ်တယ်"

ထိုင်းနိုင်ငံမှာလာရောက်အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေဟာ မကြာခဏဆိုသလို လူပွဲစားတွေ ရဲ့ ရောင်းစားခံရမှုတွေ ကြုံတွေ့နေကြရပြီး MAT အဖွဲ့က လူကုန်ကူးခံရသူ ၆၄ ယောက်ကို အခုနှစ်အတွင်း ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။