ရှေးဟောင်းဇုန်က မြေယာတွေ ကို မြန်မာ့မီးရထား ပြန်စွန့် လွှတ်မည်

ရခိုင်ပြည်နယ် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး စတဲ့မြို့နယ်တွေကို ဖြတ်သန်းသွားတဲ့ ရထားလမ်း စီမံကိန်းမှာပါဝင်သွားတဲ့ လယ်ယာမြေတွေအတွက် အစိုးရက လျော်ကြေးပေးအပ်သွားဖို့ စီစဉ်နေတယ်လို့ ပြည် နယ်အစိုးရ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့သတ္တုဝန်ကြီး ဦးကျော်လွင်က ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ ပြောလိုက်ပါတယ်။

ရှေးဟောင်းဇုန်နယ်မြေအတွင်းကို ဖြတ်သန်းဖောက်လုပ်ထားတဲ့မြေယာတွေကိုတော့ မူလတောင်သူတွေထံ ပြန် လည်စွန့်လွှတ်မှာဖြစ်တယ်လို့လည်း ပြည်နယ်ဝန်ကြီး ဦးကျော်လွင် ကပြောပါတယ်။

"လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့မှ တွက်ချက်ထားပြီး ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့မှ အတည်ပြု ထားသည့် မြေယာလျော်ကြေးငွေများအား ပိုင်ဆိုင်သူ တောင်သူများကို မြန်မာ့မီးရထားမှ ပေးလျော်နိုင်ရေး အတွက် စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်"

ရထားစီမံကိန်းကြောင့် မြေယာတွေနစ်နာဆုံးရှုံးခဲ့ရတာတွေနဲ့ပတ်သက်ပြီး မြောက်ဦးမြို့နယ်မဲဆန္ဒနယ်က ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ မေး ခွန်းမေးမြန်းရာမှာ ပြည်နယ်ဝန်ကြီး ဦးကျော်လွင်က အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်ကနေ စတင်ဖောက်လုပ်ခဲ့တဲ့ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး ရထားလမ်းပိုင်း ဟာ ကျေးရွာအုပ်စုပေါင်း ၆ဝ ကိုဖြတ်သန်းသွားတာဖြစ်ပြီး လယ်မြေ၊ ယာမြေ၊ ဥယျာဉ်မြေနဲ့ အခြားမြေစုစုပေါင်း ၁၂၄၅ ဧက ပါဝင်သွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ရထားလမ်းခရီးမိုင် ၃ဝ ကျော်ရှိပြီး မြေသားလုပ်ငန်းတွေ၊ တံတားလုပ်ငန်းတွေ၊ ဘူတာရုံတွေ၊ ခရီးသည် နားနေဆောင်တွေနဲ့ ဝန်ထမ်းအိမ်ရာတွေဟာ လုပ်ငန်းတစ်ခုလုံးရဲ့ ၆ဝ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီလို့သိရပါ တယ်။

ရထားလမ်းဖောက်လုပ်ရာမှာ ဓညဝတီ၊ ဝေသာလီ၊ မြောက်ဦး စတဲ့ရှေးဟောင်းနယ်မြေတွေကို ဖြတ်သန်းဖောက် လုပ်ခဲ့တာကြောင့် ဒေသခံတွေရဲ့ဆန္ဒအရ ရထားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းတွေကို ၂၀၁၄ ဧပြီလမှာ ရပ်နားခဲ့ ရတယ်လို့ဆိုပါတယ်။

ရထားလမ်းကို ဆက်လက်ဖောက်လုပ်တဲ့အခါ ရှေးဟောင်းနယ်မြေတွေနဲ့လွတ်ကင်းတဲ့ လမ်းအူကြောင်းကို ရှာဖွေဖောက်လုပ်သွားမှာဖြစ်တယ်လို့ ပြည်နယ်ဝန်ကြီး ဦးကျော်လွင်ကပြောပါတယ်။