မြန်မာနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်တွေချမှတ်ခံခဲ့ရတဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံသား ၇၅ ဦးကို မနေ့က ဇူလိုင်လ ၁၁ ရက်နေ့မှာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ အာဏာပိုင်တွေလက်ထဲ ပြန်လည်လွှဲပြောင်းပေးအပ်လိုက်တယ်လို့ သိရပါတယ်။
အဲဒီဘင်္ဂလားဒေ့ရ်ှနိုင်ငံသား ၇၅ ဦးဟာ ရခိုင်ပြည်နယ်ထဲက အကျဉ်းထောင်အသီးသီးကနေ ပြစ်ဒဏ်သက်တမ်းတွေ ပြည့်သွားတဲ့အတွက် မနေ့က မောင်တောမြို့ပေါ် နှစ်ဘက်နိုင်ငံတာဝန်ရှိသူတွေတွေ့ဆုံပြီး လွှဲပြောင်းပေးအပ်လိုက်တာဖြစ်တယ်လို့ အခန်းအနားတက်ရောက်ခဲ့တဲ့ မောင်တောခရိုင် လဝကမှူး ဦးစောနိုင်က RFA ကို ပြောပါတယ်။
မနေ့က လွှဲပြောင်းပေးလိုက်တဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံသား ၇၅ ဦးထဲမှာ မြန်မာနိုင်ငံထဲ တရားမဝင်ကျူးကျော် ဝင်ရောက်လာတဲ့သူတွေ ပါဝင်သလို နယ်စပ်ကျူးကျော်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ သစ်မှောင်ခိုကူးမှုတွေနဲ့ မြန်မာအစိုးရက အသီးသီးဖမ်းဆီးထောင်ချခဲ့တဲ့သူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
မနေ့က ဘင်္ဂလားဒေ့ရ်ှနိုင်ငံသားတွေ လွှဲပြောင်းပေးတဲ့အခမ်းအနားကို မြန်မာဘက်က မောင်တောခရိုင် လဝကမှူးဦးစောနိုင် ခေါင်းဆောင်တဲ့အဖွဲ့ဝင် ၈ ဦးနဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်က တက္ကနက်ဖ်အခြေစိုက် အမှတ် ၄၂၊ နယ်ခြားစောင့်တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး Md Zahid Hasan ဦးဆောင်တဲ့ အဖွဲ့ဝင် ၈ ဦးစီ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
