မြန်မာနိုင်ငံက အကြမ်းဖက် ပဋိပက္ခကို စိုးရိမ်ထိတ်လန့်

မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေကြား ဖြစ်ပွားနေတဲ့ အကြမ်းဖက်ပဋိပက္ခ သတင်းတွေနဲ့ပတ်သက်ပြီး အလေးအနက် စိုးရိမ်ထိတ်လန့်မိကြောင်း လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ ကုလသမဂ္ဂ အထူးအကြံပေး မစ္စတာ Adama Dieng က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အဲဒီကြေညာချက်မှာ မြန်မာနိုင်ငံအလယ်ပိုင်း မိတ္တီလာမြို့မှာဖြစ်ပွားခဲ့တဲ့ ဘာသာရေးအကြမ်းဖက် ပဋိပက္ခတွေဟာ တခြားမြို့နယ်တွေကိုပါ ကူးစက်ပြန့်ပွားလာနေတဲ့အတွက် ပိုပြီးစိုးရိမ်စရာဖြစ်လာပါတယ်၊ ပြီးခဲ့တဲ့နှစ်ကလည်း ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တာကြောင့်၊ ကြိုတင်ကာကွယ်တားဆီးရေး အစီအမံတွေ နေရာတကျ စီစဉ်မထားဘူးဆိုရင် နောက်ထပ်အကြမ်းဖက်တာတွေ ထပ်မံပေါ်ပေါက်လာနိုင်ဖွယ် ရှိနေပါတယ်၊ ဒီစီမံဆောင်ရွက်မှုတွေဟာ လတ်တလောဖြစ်ရပ်တွေရဲ့ အကျိုးဆက်တွေကို ကိုင်တွယ်ဖြေရှင်းပေးရုံသာမက၊ ပြဿနာရဲ့အရင်းအမြစ်ကိုပါ ဖယ်ရှားနိုင်ရမှာဖြစ်ပါတယ်၊ မြန်မာအစိုးရအနေနဲ့ လူမျိုးဘာသာမခွဲပဲဖြစ်ပြီး ဖြစ်နေဆဲအကြမ်းဖက်မှုတွေအပေါ် အလေးအနက်တာဝန်ယူတယ်ဆိုတာ ထင်ထင်ရှားရှားဆောင်ရွက်ပြသရမှာဖြစ်ပါတယ်၊ ဒုက္ခကြုံနေရတဲ့ ပြည်သူတွေအတွက် အကာအကွယ်ပေးရမှာဖြစ်ပါတယ်လို့ မစ္စတာ Dieng က တိုက်တွန်းလိုက်ပါတယ်။

ဒါ့ပြင်ဘာသာရေးခေါင်းဆောင်တွေ၊ အရပ်ဘက်ခေါင်းဆောင်တွေနဲ့ ရပ်ရွာအသိုင်းအဝိုင်းတွေ ကိုယ်တိုင်ကလည်း မတူညီတာတွေအပေါ် လေးစားတတ်တဲ့၊ အတူတကွ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်တတ်တဲ့ ယဉ်ကျေးမှုကို မြှင့်တင်ကြရမှာဖြစ်ပါတယ်၊ လက်ရှိဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်မှုတွေကြောင့် နိုင်ငံတကာက ရင်သပ်ရှုမောအံ့သြခဲ့ရတဲ့ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုရှိတယ်ဆိုတာ၊ ဘာသာလူမျိုးမခွဲပဲ အကြမ်းဖက်ဘေးက အကာအကွယ်တွေ ရရှိနေတယ်ဆိုတာ ပြသကြဖို့လိုပါတယ်လို့ လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ ကုလသမဂ္ဂ အထူးအကြံပေး မစ္စတာ Adama Dieng ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။