နေပြည်တော် တပ်ကုန်းမြို့နယ်ကနေ ၅ မိုင်အကွာမှာ ရောက်ရှိနေတဲ့ စစ်ကိုင်းမြို့ Myanmar Veneer သစ်အချော ထည်စက်ရုံ အလုပ်သမားတွေက လွှတ်တော်ကြားနာပွဲ ပြုလုပ်ပေးဖို့ တောင်းဆိုတဲ့အတွက် အလုပ်သမားတွေ ဘက်က တရားဝင်စာတင်ဖို့ လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် က ပြောပါတယ်။
အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို မေးမြန်းဆွေးနွေးခဲ့တာဖြစ်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ထံ တင်ပြရာမှာ လွှတ်တော်ဥက္ကဌက စာတင်ဖို့ ပြောတာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးရည်မွန်က ဒီနေ့ ပြောပါတယ်။
ဆန္ဒပြအလုပ်သမားတွေဟာ ဒီနေ့ ရမည်းသင်းမြို့နယ် ပြတိုက်ကျေးရွာမှာ ညအိပ်ရပ်နားမှာဖြစ်ပြီး မနက်ဖြန် နေပြည်တော် တပ်ကုန်းမြို့ကို ဆက်လက်လမ်းလျှောက်မှာဖြစ်ပါတယ်။
မနေ့ကစပြီး တပ်ကုန်းမြို့အဝင်မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးမှူးတွေက အတားအဆီးတွေ ချထားပြီး လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးမယ့်အဖွဲ့တွေနဲ့ စောင့်ဆိုင်းနေပါတယ်။
စစ်ကိုင်းမြို့ Myanmar Veneer သစ်အချောထည်စက်ရုံက အလုပ်သမား ၁၀၀ ကျော်ဟာ အလုပ်သမား အခွင့်အရေးများရရှိဖို့ စက်ရုံပိုင်ရှင်နဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကတည်းက စပြီး ဧပြီလကုန်အထိ အကြိမ် ကြိမ် ဆွေးနွေးခဲ့ပေမယ့် ပြေလည်မှုမရဘဲ အလုပ်ထုတ်ခံခဲ့ရတာဖြစ်ပါတယ်။
ဆန္ဒပြအလုပ်သမားတွေဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၉ရက်နေ့စပြီး နေပြည်တော်ကို လမ်းလျှောက်ချီတက်လာတာဖြစ်ပြီး သူတို့ရဲ့ တောင်းဆိုချက်တွေက အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမား ၁၀၀ ကျော်ထဲက အလုပ်သမား ၆၀ ကို Myanmar Veneer သစ်အချောထည်စက်ရုံမှာ အလုပ်ပြန်ခန့်ပေးဖို့၊ အလုပ်ထုတ်ခံထားရတဲ့ ကြားကာလအတွက် အလုပ်ရှင်ဘက်က နစ်နာကြေးပေးဖို့၊ ဆန္ဒပြမှုကို အရေးမယူဖို့၊ သူတို့ဖွဲ့စည်းထားတဲ့ အလုပ်သမားသမဂ္ဂကို အသိအမှတ်ပြုပေးဖို့တို့ ဖြစ်ပါတယ်။
Myanmar Veneer သစ်ပါးလွှာစက်ရုံက သပိတ်မှောက်အလုပ်သမားတွေက မနေ့က လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးသဘောတူမှုအရ ဒီနေ့ နေပြည်တော်က တရားလွှတ်တော်ရုံးချုပ်မှာ စာချွန်လွှာသွားတင်ခဲ့ကြပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်လို့ အလုပ်သမားတွေကိုကူညီနေတဲ့ တိုးတက်သောအလုပ်သမားများသမဂ္ဂ ခေါင်းဆောင် ကိုရန်နိုင်ထွေးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
