သပိတ်မှောက်အလုပ်သမားတွေ ယာယီနေထိုင်စားသောက်ရေး အစိုးရ စီစဉ်ပေးမည်

စစ်ကိုင်းကနေ နေပြည်တော်ကို ချီတက်နေတဲ့ Myanmar Veneer သစ်ပါးလွှာစက်ရုံအလုပ်သမားတွေ အရေးအတွက် အလုပ်သမားဝန်ကြီး၊ အလုပ်သမားကိုယ်စားလှယ်နဲ့ စက်ရုံကိုယ်စားလှယ်တို့ ဆွေးနွေးပွဲကို ဒီနေ့ နေ့လည် ၃ နာရီလောက်က နေပြည်တော်မှာ စတင်ခဲ့ပါတယ်။

ပထမပိုင်းဆွေးနွေးပွဲမှာ စက်ရုံပိုင်ရှင်က အလုပ်ထုတ်ထားတဲ့ အလုပ်သမားတွေထဲက တဝက်လောက်ကို အလုပ်ပြန်ခန့်ပြီး ကျန်တဲ့တဝက်ကို လျော်ကြေးပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်ကို အလုပ်သမားဝန်ကြီးဌာနကလည်း ပြောဆိုတဲ့အတွက် အဲ့ဒီအချက်ကို အလုပ်သမားတွေ တိုင်ပင်ဆုံးဖြတ်ကြဖို့ ဆွေးနွေးပွဲတက်နေတဲ့ အလုပ်သမားကိုယ်စားလှယ်တွေက အကြောင်းကြားခဲ့တယ်လို့ သပိတ်စစ်ကြောင်းမှာ ပါဝင်နေသူတစ်ဦးဖြစ်တဲ့ ကိုနှင်းအောင်က RFA ကိုပြောပါတယ်။

"ဝန်ကြီးဌာနဘက်ကပြောတာက တစ်ဝက်ကိုပြန်ခန့်မယ်၊ တစ်ဝက်ကတော့ အလုပ်ထုတ်နစ်နာကြေး ပေးပြီးတော့ ထွက်ရမယ်ဆိုပြီးတော့ ဝန်ကြီးဌာနကပြောတယ်ဗျ၊ ကျနော်တို့အနေနဲ့ အတည်မပြုရသေးဘူး ဆွေးနွေးရဦးမှာပေါ့၊ တိုင်းဝန်ကြီးချုပ်ပြောတဲ့စကားနဲ့ တစ်နိုင်ငံလုံးက ဝန်ကြီးချုပ်ပြောတဲ့စကားနဲ့တော့ မတူဘူးပေါ့၊ သူတို့ဆက်ပြီးတော့ ဆွေးနွေးဦးမယ်ဆိုပြီးတော့၊ အခုလောလောဆယ် အစည်းအဝေး တစ်ခေါက်ပြန်ဝင်သွား တယ်၊ ပြန်ထွက်လာလို့ရှိရင် ဖုန်းဆက်မယ်ဆိုပြီး ကျနော်တို့ကိုပြောတယ်"

အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမားတွေရဲ့ သုံးပွင့်ဆိုင်တံခါးပိတ်ဆွေးနွေးပွဲဟာ ညနေ ၇ နာရီကျော်အထိ မပြီးသေးတဲ့ အတွက် နောက်ဆက်တွဲရလဒ်ကို သပိတ်မှောက်အလုပ်သမားတွေက ဝမ်းတွင်းမြို့ကနေ စောင့်ဆိုင်းခဲ့ကြပါတယ်။

နောက်ဆုံးအခြေအနေအရ အလုပ်သမားအားလုံးကို အလုပ်ပြန်ခန့်ဖို့၊ မခန့်နိုင်ရင် အလုပ်သမားအားလုံး နှုတ်ထွက်ပြီး၊ အလုပ်ရှင်ကိုအရေးယူပေးဖို့ အလုပ်သမားကိုယ်စားလှယ်တွေက တောင်းဆိုတယ်လို့ သိရပါတယ်။

ဒါကြောင့် ဒီနေ့ ဆွေးနွေးပွဲကနေ အဖြေမထွက်ဘဲ အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကို နောက် ၅ ရက်အကြာ ဗုဒ္ဓဟူးနေ့ မှာ ဆုံးဖြတ်ချက်ပေးမယ်လို့ ဝန်ကြီးဌာနကပြောဆိုပြီး၊ ဒီကြားကာလအတွင်း သပိတ်မှောက် အလုပ်သမားတွေအနေနဲ့ လက်ရှိရောက်နေတဲ့နေရာမှာ ရပ်နားထားပြီး စားစရိတ်နဲ့ နေထိုင်ရေးကို အလုပ်သမားဝန်ကြီးဌာနက တာဝန်ယူပေးမယ်လို့ ပြောဆိုခဲ့ကြောင်း ကိုနှင်းအောင် ကပြောပါတယ်။

အလုပ်သမားတွေဘက်က ၃ ရက်အတွင်း ဆုံးဖြတ်ပေးဖို့ ပြန်လည်တင်ပြထားတယ်လို့လည်း သိရပါတယ်။