မြန်မာပြည်တွင်း အမျိုးသမီးတွေ အကြမ်းဖက်ခံနေရပုံ လန်ဒန်မှာ တင်ပြ

0:00 / 0:00

ပြီးခဲ့တဲ့သီတင်းပတ်က ကျင်းပခဲ့တဲ့ ပဋိပက္ခဖြစ်နေ တဲ့ဒေသအတွင်း လိင်အကြမ်းဖက်မှု ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာညီလာခံကို တက်ရောက်ခဲ့တဲ့ မြန်မာ တိုင်း ရင်းသားအမျိုးသမီး အဖွဲ့တချို့ရဲ့ ကိုယ်စားလှယ်တွေက ပဋိပက္ခတွေနဲ့ဆက်နွယ်ပြီးဖြစ်လာတဲ့ မြန်မာနိုင်ငံတွင်းက အမျိုးသမီးထု ကြုံတွေ့ရတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက် ခံရမှုတွေနဲ့ လုံခြုံမှုကင်းမဲ့ပုံတွေအကြောင်း ရှင်းလင်းပြောပြ တဲ့ အစည်းဝေးတစ်ခုကို မနေ့ညနေပိုင်းက ဗြိတိသျှ လွတ်တော်ရှိ ခန်းမဆောင်တစ်ခုမှာ ကျင်းပခဲ့ပါတယ်။

အဲဒီအစည်းဝေးပွဲအပြီးမှာ ကရင်အမျိုးသမီးဖွံ့ဖြိုးရေးအဖွဲ့ ရဲ့ ဒါရိုက်တာ ဒေါ်စူစန်နာလှလှစိုးက သူဆွေးနွေးခဲ့ တာတွေနဲ့ပတ်သက်ပြီး ဦးသိန်းစိန်အစိုးရဟာ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေနဲ့ အရင်က သဘောတူထား တာတွေကနေ အခု သွေဖယ်လာမှုတွေရှိနေတဲ့အကြာင်း ခုလိုပြောပါတယ်။

"တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လုပ်တော့မယ် ကောင်းတယ်၊ ဒါပေမဲ့ ကျွန်မတို့ ဖိအားပေးနေတာ ကြာ ပြီ သို့သော်လည်း ဘယ်လိုပြောင်းသွားလည်းဆိုတော့ အစိုးရဘက်ကလည်း လိုလိုလားလား ဖြစ်ပုံရတယ်၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်လုပ်ပြီးသွားရင် ကျွန်မတို့က နိုင်ငံရေးဆွေးနွေး ချင်တယ် ဒါကျွန်မတို့ ပြဿနာက စီးပွားရေးပြဿနာမဟုတ်ဘူး နိုင်ငံရေးပြဿနာ ဒီနိုင်ငံရေး ပြဿနာမဖြေရှင်း နိုင်လို့ ဒီအနှစ်ခြောက်ဆယ်ကျော်ကြာ စစ်ပွဲကြီးဖြစ်နေတာ ဒါနိုင်ငံရေး ပြောကိုပြောရမယ် ပထမပိုင်းမှာ သူတို့သဘောတူထားတာ ဒါပေမဲ့အခုတချိန်မှာ သူတို့ကရပ်တန့် ထားတယ် ဘာလဲဆိုတော့ ဒီလက်နက် ချရေးတို့ ဥပဒေထက်ပြင်ရေးတို့ ၂၀၀၈ ဖွဲ့စည်းပုံအရ နိုင်ငံရေး အောက်ထည့်ဝင်ရေးတို့ အဲ့ဒါတွေကတော့ တိုင်းရင်းသားတွေက လက်မခံနိုင်တဲ့အချက်တွေလေ နောက်တစ်ခုကစီးပွားရေးပေါ့ စီးပွားရေးတွေလုပ်ခိုင်း တယ် တိုင်းရင်းသားအဖွဲ့တွေကို သဘောကတော့ စီးပွားရေးကိုလုပ်လို့ရှိရင် ဒီနိုင်ငံရေးဘက်မှာရော့သွားမယ် ဘာညာပေါ့နော် "

နိုင်ငံတကာရဲ့ ပဋိပက္ခဖြစ်နေတဲ့ဒေသအတွင်းက လိင်အကြမ်းဖက်မှု ပပျောက်ရေး ညီလာခံကို မြန်မာနိုင်ငံကိုယ် စားပြုပြီး တက်ရောက်လာတဲ့ ဒုတိယနိုင်ငံခြားရေးဝန်းကြီး ဦးသန့်ကျော်ကလည်း မြန်မာနိုင်ငံမှာ လိင်အကြမ်းဖက်မှု တိုက်ဖျက်သွားမယ်ဆိုတဲ့ သဘောတူညီချက်ကို မြန်မာအစိုးရကိုယ်စား လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံ အမျိုးသမီးကိုယ်စားလှယ်တွေကတော့ လက်မှတ်ထိုးသူနဲ့ လက်တွေအကောင်ထည်ဖော်သူတွေရဲ့ ကတိမူတွေအရင်ကရှိခဲ့ဖူးတဲ့ အတွေ့အကြုံတွေကြောင့် စိုးရိမ်မှုတွေနဲ့ သတိထားကြိုဆိုတယ်လို့ ပြောပါတယ်။

ဒုတိယနိုင်ငံခြားရေးဝန်းကြီး ဦးသန့်ကျော်နဲ့အဖွဲ့ဟာ မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေနဲ့ အလွတ်သဘောလည်း တွေ့ဆုံဆွေးနွေးခဲ့ကြပါသေးတယ်။ အဲဒီဆွေးနွေးပွဲရဲ့ရလဒ်အနေနဲ့ နောင်တချိန်မှာ အတူပူးပေါင်းဆောင်ရွက်သွားမှုတွေ ဖြစ်ပေါ်လာနိုင်ကြောင်း ဒေါ်စူစန်နာလှလှစိုးက ပြောပါတယ်။