မြန်မာနိုင်ငံ အမျိုးသမီးများ ကွန်ယက်အဖွဲ့ ငွေလှူဒါန်း

အမျိုးသမီးအဖွဲ့အစည်း (၁၄) ဖွဲ့ ပူးပေါင်းထားတဲ့ မြန်မာနိုင်ငံ အမျိုးသမီးများ ကွန်ယက်အဖွဲ့က ရခိုင်ဒေသမှာ အကူအညီ လိုအပ်နေသူတွေအတွက် ငွေကျပ် ၈ သိန်းကို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့အဖွဲ့ထံ ဒီကနေ့ မနက်ပိုင်းက လာရောက် လှူဒါန်းခဲ့ပါတယ်။

အကူအညီ လိုအပ်နေသူတွေဆီ အလှူငွေတွေ ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီး ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေကို အခုလို လာရောက် လှူဒါန်းရတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံအမျိုးသမီးများ ကွန်ယက်အဖွဲ့ဝင် ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါ်စူစန်နာ လှလှစိုးက RFA ကို ပြောပါတယ်။

"ကျွန်မတို့ မြန်မာနိုင်ငံ အမျိုးသမီးအသင်းများ ကွန်ယက်ကပါ။ ဘေးအန္တရာယ် ကျရောက်တဲ့ ဒေသမှာရှိတဲ့ အမျိုးသမီးတွေ နောက်ဒုက္ခရောက်နေတဲ့ အမျိုးသမီးတွေအတွက် ကူညီဖို့ ကျွန်မတို့အမြဲတမ်း ရန်ပုံငွေရှာပါတယ်။ ဇူလိုင်လ ၂၁ ရက်မှာလည်းပဲ ရခိုင်မှာရှိတဲ့ ပဋိပက္ခတွေကြောင့် ဒုက္ခရောက်နေတဲ့ အမျိုးသမီးတွေအတွက် ရန်ပုံငွေရှာဖွေပွဲ လုပ်ပါတယ်။ လက်တွေ့ချုပ်လုပ်တယ်။ နောက်ပြီးတော့ အိတ်ကလေးတွေလုပ်တယ်။ ပြန်ရောင်းတယ်။ အားလုံးရန်ပုံငွေကရတာ ၈ သိန်းပါ။ အဲဒီတော့ ဒီရန်ပုံငွေကိုလည်း ကျွန်မတို့က တစ်ကယ်ပဲ ကိုယ့်အင်အားနဲ့ ခွန်အားနဲ့ ရှာထားတဲ့ငွေ ဖြစ်တဲ့အတွက်ကြောင့် ကျွန်မတို့ကလည်း တကယ်ထိထိရောက်ရာက် ရောက်စေချင်ပါတယ်။ ၈၈ ကျောင်းသားများအဖွဲ့ကို တဆင့်လာရောက် လှူဒါန်းခြင်း ဖြစ်ပါတယ်"

ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ ပွင့်လင်းလူ့အဖွဲ့အစည်း ပေါ်ထွန်းရေး အထက်မြန်မာနိုင်ငံ ခရီးစဉ်ကို အဆုံးသတ်ပြီး ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိခဲ့ပါတယ်။

ကိုကိုကြီး ဦးဆောင်တဲ့ ရှမ်းပြည်ကို သွားရောက်တဲ့ အဖွဲ့ကတော့ ဒီကနေ့ မန္တလေးမြို့ကို ရောက်ရှိနေပြီး မနက်ဖြန် မနက်ပိုင်းမှာ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။

ဒီအတောအတွင်း ထိုင်းနိုင်ငံ အခြေစိုက် မဲခေါင်ဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး Collaboration for Young Generation in Mekong Region အဖွဲ့က ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေကို ဒီကနေ့ ရန်ကုန်မြို့က ၈၈ ရုံးခန်းမှာ လာရောက်တွေ့ဆုံပြီး ဒေသတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေမှာ ပူးပေါင်း ပါဝင် ဆောင်ရွက်ရေးတွေကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ဒီအဖွဲ့က ဒေသအတွင်း ပြဿနာရပ်တွေကို လူငယ်အဖွဲ့အစည်းတွေ ချိတ်ဆက်ပြီး အဖြေရှာ ဆောင်ရွက်ဖို့ အဓိက လာရောက် ဆွေးနွေးကြတာ ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုပြုံးချိုက ပြောပါတယ်။

"အဓိကက ကျွန်တော်တို့ ဒီဒေသေတွင်းမှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေ၊ လူနေမှုဘဝတွေ နောက်ပြီးတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စတွေ၊ သယံဇာတကိစ္စတွေ နောက်ပြီးတော့ ဒေသအတွင်း လူငယ်တွေ ကွန်ယက်တွေနဲ့ ချိတ်ဆက်ဖို့ ကိစ္စတွေ၊ နောက်တိုင်းရင်းသားကိစ္စတွေ အဲဒါတွေကို သူတို့ ဒီ information တွေ share လုပ်ဖို့၊ နောက်ပြီးတစ်ဖွဲ့နဲ့ တစ်ဖွဲ့ ချိတ်ဆက်ထားဖို့၊ နောက်အစိုးရတွေရဲ့လုပ်ငန်းစဉ်တွေမှာ NGO တွေအနေနဲ့ ဘယ်လိုမျိုး စောင့်ကြည့်နိုင်မလဲ၊ ဘယ်လိုမျိုး လုပ်ငန်းစဉ်တွေကို သုံးသပ်နိုင်မလဲ၊ လိုအပ်မယ်ဆိုလို့ရှိရင် အကုန်လုံးကို စုစည်းပြီး Forum တွေကျင်းပပြီးတော့ အဲဒီကနေ အဖြေရှာကျဖို့ အဲဒါတွေကို သူတို့က ကြိုပြီးညှိတာ"

အာဆီယံ အစိုးရအဖွဲ့အစည်းတွေ လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေ၊ ဒေသတွင်းက ပတ်ဝန်းကျင်ထိန်းသိမ်းမှု အပါအဝင် အခြားပြဿနာရပ်တွေကို လာမဲ့ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံမှာ ကျင်းပမဲ့ အာဆီယံလူငယ်များ ညီလာခံမှာ ရှုဒေါင့်အမျိုးမျိုးက တင်ပြဖို့ ရည်ရွယ်ချက်တွေကိုလည်း ရှင်းလင်း ပြောပြခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ ထိုင်းနိုင်ငံ အခြေစိုက် မဲခေါင်ဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ကို ကိုမြအေး၊ ကိုဂျင်မီနဲ့ ကိုပြုံးချိုတို့က တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။