ထိုင်းစက်ရုံမှ မြန်မာတွေ လုပ်ခငွေမရပဲ ဒုက္ခတွေ့ကြုံနေရ

ထိုင်းနိုင်ငံတောင်ပိုင်း၊ နရသီဝပ်ခရိုင်၊ ရှန်ခိုင်းဂလုတ်မြို့ (Buketta) ဘူကစ်တာအရပ်က AEK ကုမ္ပဏီ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၁ဝဝကျော်ဟာ မိမိတို့လုပ်အားခနဲ့ ပတ်စပို့စ်တောင်းတာကို သူဌေးဖြစ်သူက ငွေမပေးဘဲ၊ ရဲခေါ်ဖမ်းခိုင်းမယ်လို့ ြခိမ်းခြောက်ပြောဆိုပြီး အလုပ်သမားတွေကို ရေနဲ့မီးဖြတ်ထားတယ်လို့ သိရပါတယ်။

အဲဒီလုပ်ငန်းခွင်က အမျိုးသမီး ၂ဝ ကျော်နဲ့ အသက် ၁၆နှစ်အောက် ၂ဝ လောက်ပါဝင်တဲ့ မြန်မာအလုပ်သမား ၁ဝဝကျော်ဟာ ဒီသူဌေးဆီမှာ အလုပ်လုပ်ကိုင်နေလာခဲ့တာ အရင်တုန်းက အမျိုးသားတွေက ဘတ်ငွေ ၃ဝဝကနေ ၃၅ဝအထိ၊ အမျိုးသမီးတွေက ဘတ်ငွေ ၂ဝဝ ကနေ ၂၃ဝအထိ လုပ်အားခ နေ့စဉ်ပုံမှန် ရရှိခဲ့ကြပါတယ်။

ဒါပေမယ့် ြပီးခဲ့တဲ့ သြဂုတ်လကစပြီး ၁၅ရက်တစ်ခါ ငွေရှင်းရာမှာ လုပ်အားခတစ်ဝက်စီခန့်သာ ရှင်းပေးခဲ့ပြီး၊ ဒီလဆန်းကစလို့ ညနေပိုင်းမှာလည်း အချိန်ပိုထပ်မံဆင်းခိုင်းခဲ့ပါတယ်။ ဒါပေမဲ့ ဒီအချိန်ပိုလုပ်အားခကိုလည်း မပေးနိုင်ဘူးလို့ သူဌေးကပြောတာကြောင့် အလုပ်သမားတွေက တနင်္လာနေ့ကစလို့ အလုပ်မဆင်းဘဲ မိမိတို့ကျန်ရှိနေတဲ့ လုပ်အားခနဲ့ ယာယီပတ်စပို့စ်တွေကို ပြန်လည်တောင်းခံနေခဲ့ကြပါတယ်၊ သူဌေးဖြစ်သူက အခုအလုပ်မဆင်းရင် ရဲခေါ်ဖမ်းခိုင်းမယ်လို့ ခြိမ်းခြောက်ပြီး ရေနဲ့မီးဖြတ်ထားတာကြောင့် ဒုက္ခရောက်နေရပုံကို အလုပ်သမားတစ်ဦးဖြစ်တဲ့ ကိုတင်စိုးက ပြောပါတယ်။

"သူဌေးရောက်လာတော့ ကျနော်တို့ကို လုပ်အားခက ပုံမှန်မရှင်းပေးဘူး ဖြစ်နေလို့ သွားတောင်းတော့ ပိုက်ဆံလည်းမပေးဘူးပေါ့၊ ပိုက်ဆံမပေးရင်လည်း နေပါစေ၊ ကျနော်တို့ကို ပတ်စပို့စ်လေးပေးပါဆိုပြီး တောင်းဆိုပါတယ်၊ အဲဒီတော့ ပတ်စပို့စ်ကိစ္စ ငါ့လာမပြောနဲ့ ငါဘာမှမသိဘူးတဲ့ အဲဒီလိုပြောပါတယ်၊ ပြီးတော့ လုပ်အားခလည်း မပေးဘူး၊ ပတ်စပို့စ်လည်း မပေးနိုင်ဘူးဆိုပြီးတော့ အလုပ်ဆင်းခိုင်းပါတယ်၊ နောက်တစ်ရက်နှစ်ရက်နဲ့ အလုပ်မဆင်းဘူးဆိုလို့ရှိရင် ကျနော်တို့ကို တောမောတွေ ( လဝကရဲ ) သွင်းပြီးတော့ အကုန်ဖမ်းခိုင်းမယ်ဆိုပြီးတော့ ကြေညာထားပါတယ်ခင်ဗျ၊ ဒီနေ့တင်ပဲပြောတာပါ ၁၂နာရီလောက်က ပြောတာပါ"

ဒီအလုပ်သမားတွေဟာ ယာယီပတ်စပို့စ် ရဖို့အတွက်လည်း ဘတ်ငွေ ၁၂ဝဝဝစီ သူဌေးကိုပေးပြီးလုပ်ထားခဲ့တာ ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက် နေ့ကတည်းက ရရှိထားပြီး ဒီပတ်စပို့စ်တွေကို သူဌေးဖြစ်သူက သိမ်းဆည်းထားတာ ဖြစ်ပါတယ်။ အဲဒီပတ်စပို့စ် ကုန်ကျငွေအတွက် ငွေရှင်းတဲ့ ၁၅ရက် အပတ်စဉ်တိုင်း အနည်းဆုံးဘတ်ငွေ ၂ဝဝဝ စီကို နှစ်စကတည်းက ဖြတ်ခံနေခဲ့ရတဲ့အတွက် ပြီးခဲ့တဲ့လတွေက တချို့ဆိုငွေရှင်းရင် လက်ထဲမှာ ရာဂဏန်းသာရရှိခဲ့ကြပြီး ငွေကြေးပြတ်လတ်နေကြတယ်လို့လည်း သိရပါတယ်။

အခုလို ရေ၊ မီးဖြတ်ထားတာကြောင့် အလုပ်သမားတွေက ဒီမနက်မှာ လက်ထဲရှိတဲ့ငွေစုပြီး ဆန် ၂အိတ်နဲ့ ရေ ၁ဝဗူး ဝယ်ထားကြောင်းနဲ့ သူတို့အတွက် ဒီရိက္ခာကလည်း ၃ ရက်ထက် မပိုနိုင်ဘူးလို့ အလုပ်သမတစ်ဦးဖြစ်သူ မရည်မွန်ကျော်ကလည်း ရှင်းပြပါတယ်။

"ယောင်္ကျားလေးတွေက ထင်းရှာကြတယ်၊ အဲဒီထင်းမီးနဲ့ပဲ အခုချက်ပြုတ် စားသောက်နေကြတယ်၊ တ ချို့ လည်း တောထဲဝင်ပြီးတော့ မျှစ်တူးတဲ့သူကတူးပေါ့၊ ကျမတို့နဂိုတုန်းကဆိုရင် အလုပ်ဆင်းလို့ရှိရင် သူဌေးကနေပြီးတော့ ရေကိုသူ့ဆီမှာရှိတော့ ကျမတို့ရေကို ဝယ်သောက်တာလည်းရှိတယ်၊ နောက်ပြီးတော့ အလုပ်ထဲမှာ ကျ တော့ ပုန်း နဲ့ဆွဲ သောက်ကြတာရှိတယ်၊ သူဌေးက ရောင်းတဲ့ဆိုင်ရှိပေမယ့် ဆိုင်ကိုလည်း လုံးဝဖွင့်မပေးဘူး၊ အကုန်လုံးပိတ်ထားတဲ့အတွက် သူများကိုတဆင့် အခုမှာပြီးတော့ ရေလာပို့ခိုင်းရတယ်၊ အယောက် ဝဝကျော်ကို ဒီရေလေး ၁ဗူးနဲ့ ဆိုတော့ သောက်ရေထီးထီး ရက်လောက်တော့ သုံးလို့ရမယ်၊ အဲဒီလောက်ပါပဲ ဆန်က အိတ်ဆိုတော့ လူအယောက် ၁ဝဝကျော်ဆိုရင်တော့ ရက်လောက်တော့ ကျမတို့အကုန်လုံး မျှပြီးတော့ပေါ့နော်၊ အဲဒီလိုမျိုး စားဖို့ချိန်ပြီးတော့ လုပ်ထားကြတာပေါ့နော်၊ ကျန်တဲ့သူတွေကပေါ့နော် တချို့တွေလည်း အရမ်းကြောက်နေကြပြီ၊ တချို့တွေဆိုလည်း သွားရမလား၊ လာရမလား အဲဒီလိုမျိုးတွေပေါ့၊ အဲဒီလိုတွေ ဖြစ်နေကြတယ်"

အလုပ်သမားတွေက မြန်မာသံရုံးရဲ့ လမ်းညွှန်ချက်နဲ့ ထိုင်းဆဝါဒီကမ် အလုပ်သမားရုံးကို အကူအညီတောင်းထားပေမဲ့ အခုထက်ထိတော့ ဘာမှမထူးခြားလာသေးဘူးလို့လည်း သိရပါတယ်။