အလုပ်အကိုင်ရှာဖွေဖို့ ထိုင်းနိုင်ငံကို သွားရောက်ခဲ့ကြတဲ့ မြန်မာနိုင်ငံသား ၁၅ ဦးကို ထိုင်းရဲက ဖမ်းဆီးလိုက်ပါတယ်။
သူတို့ဟာ ထိုင်းမှာ အလုပ်ရဖို့ ပွဲစားကို ဘတ်ငွေ တသောင်းနှစ်ထောင်စီပေးပြီး ကန်ချနဘူရီခရိုင် တွင်းကို ဝင်ရောက်ခဲ့ကြတာလို့ သိရပါတယ်။
တနင်္လာနေ့ညက သူတို့ငှားရမ်းထားတဲ့ အိမ်ကို ထိုင်း လူဝင်မှုရဲတပ်ဖွဲ့နဲ့ စစ်တပ်တို့ ဝင်ရောက် စစ်ဆေးခဲ့ရာမှာ ပြည်ဝင်ခွင့်ဗီဇာအတုတွေ ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသား အမျိုးသားနဲ့ အမျိုးသမီး စုစုပေါင်း ၁၅ ဦး ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အိမ်ပိုင်ရှင် မြန်မာတဦးလည်း ဖမ်းဆီးခံရပါတယ်။
ဖမ်းဆီးခံရသူ ၁၅ ဦးကို တရားမဝင် ဝင်ရောက်မှုနဲ့ နယ်မြေခံရဲစခန်းကို လွှဲပြောင်းပေးလိုက်ပါတယ်။ သူတို့ကို အရေးယူပြီးရင် မြန်မာပြည် ပြန်ပို့မယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံမှာ အခုရက်ပိုင်းအတွင်း တရားမဝင် အလုပ်သမားတွေကို စီမံချက်နဲ့ ပိုက်စိတ်တိုက် ရှာဖွေဖမ်းဆီးနေပြီး၊ တွေ့ရှိရင် ဒဏ်ကြေး ထိုင်းဘတ်ငွေ သိန်းဂဏန်းနဲ့ ထောင်ဒဏ်တွေချမှတ် နေပါတယ်။ တရားမဝင် အလုပ်သမားတွေ တင်မက၊ အလုပ်ရှင်ကိုပါ ဒဏ်ငွေတွေချမှတ်နေတယ်လို့ သိရပါတယ်။
