ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးက စမွန်စာခွန်ခရိုင်မှာ လူကုန်ကူးခံရပြီး ပိတ်လှောင်ခံထားရတဲ့ မြန်မာနိုင်ငံသား တစ်ရာကျော်ကို ဇူလိုင်လ ၁၈ ရက်နေ့ညနေပိုင်းက ထိုင်းရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ မြန်မာရွှေ့ပြောင်း အလုပ်သမား အရေး ကူညီဆောင်ရွက်ပေးနေတဲ့ AAC အဖွဲ့က ကူညီကယ်ထုတ်နိုင်ခဲ့ပါတယ်။
မြန်မာနိုင်ငံသား လူပွဲစားတစ်ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
စမွတ်စာခွန်ခရိုင်ရှိ မဟာချိုင်မြို့အစွန်းနားက ဝပ်ကေသွန် ထိုင်းဘုန်းတော်ကြီး ကျောင်းအနီးက ခြံဝန်းထဲမှာ ပိတ်လှောင်ခံထားရတဲ့ မြန်မာနိုင်ငံသား ၁၁၆ ယောက်ကို ညနေ ၆ နာရီက ကယ်တင်နိုင်ခဲ့တာ ဖြစ်တယ် လို့ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ AAC အဖွဲ့က ကိုရဲမင်း က RFA ကို ပြောပါတယ်။
