ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန် ၃ မှာရှိတဲ့ Myanmar York Fashion အထည်ချုပ်စက်ရုံက အလုပ်သမား ၇ဝဝ ကျော်ဟာ လစာအပြည့်ပေးဖို့နဲ့ တစ်လကျပ် တစ်သောင်းတိုးပေးဖို့ ဆန္ဒပြနေကြပါတယ်။
လစာထဲကနေ လစဉ် ကျပ် ၇ ထောင် ကနေ ၉ ထောင်အထိ လစာထဲက ဖြတ်တောက်ခံနေရတယ်လို့ ဆန္ဒပြ အလုပ်သမတစ်ဦးက ပြောပါတယ်။
"လစာဖြတ်တယ်ဆိုတာက ၁ သိန်းခွဲသမားတွေကို ၁ သိန်းခွဲအပြည့်မပေးဘူး၊ ပထမတစ်ခါ ဆန္ဒပြတော့ စာချုပ်ချုပ်တော့လေ မနက် ၈ နာရီကနေ ညနေ ၆ နာရီ ၄ဝ အထိဆင်းလို့ရှိရင် ရက်မပျက်တန်းဆင်းရင် ၁ သိန်းခွဲအပြည့်ပေးရမှာလေ၊ ဖူလုံရေးကြေး ၇ဝဝ ပဲနှုတ်ရမှာလေ၊ အဲ့ဒါကို သူတို့က အဲ့လိုမပေးပဲနဲ့ ၁ သိန်း ၄ သောင်းကျော်ကျော်ပဲပေးလို့ တစ်ရုံလုံးကို ၇ဝဝဝ စီအဖြတ်ခံရတယ်၊ ပြီးလို့ရှိရင် အခုလျော့နေတဲ့လစာကို ပြန်တွက်ပြီးတော့ ပြန်ပေးလိုတဲ့ဟာကို တောင်းနေတာပါ"
ဆန္ဒပြအလုပ်သမားတွေက အခြေခံလစာကို တစ်လ ကျပ် ၁ သောင်းတိုးပေးဖို့၊ စက်ရုံအလုပ်သမားအားလုံးကို ၆ လတစ်ကြိမ် လစာတိုးပေးဖို့၊ တနင်္ဂနွေနေ့မှာ အချိန်ပိုအလုပ်ဆင်းတဲ့အခါ အချိန်ပိုကြေးကျပ် ၈ဝဝဝ ပေးဖို့တောင်း ဆိုနေကြတာဖြစ်ပါတယ်။
မနေ့က စက်ရုံတာဝန်ရှိသူတွေနဲ့ ဆန္ဒပြအလုပ်သမားတွေ ညှိနှိုင်းခဲ့ရာ လစာ ကျပ် ၁ သောင်း တိုးပေးဖို့ဆိုတဲ့ အချက်ကို လိုက်လျောပေးခဲ့ပေမယ့် အလုပ်သမားအားလုံးကို ၆ လတစ်ကြိမ်လစာတိုးပေးဖို့ဆိုတဲ့ အချက်ကို မလိုက်လျောပေးတာကြောင့် အလုပ်သမား ၇ဝဝ ကျော်က ဆန္ဒပြနေကြဆဲဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီစက်ရုံမှာ အလုပ်သမား ၁ဝဝဝ ကျော်ရှိပြီး ၇ဝဝ ကျော်က ဆန္ဒပြနေကြတာဖြစ်ပါတယ်။
