ရခိုင်ပြည်နယ်မှာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု ဥပဒေအတိုင်း ဒီလကုန်မှာ မြေပုံမြို့နယ်က စပြီးအကောင်အထည်ဖော် ဆောင်ရွက်သွား မှာဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ စစ်တွေမြို့ဒေသခံတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ စဉ် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောခဲ့တာပါ။
"မြေပုံမြို့နယ်မှာစမယ်၊ သန်းခေါင်စာရင်းတုန်း က ပြဿနာမဖြစ်ခဲ့တဲ့ တည်ငြိမ်အေးချမ်းမှုကို မပျက်ပြားနိုင်ဘူးလို့ ယူဆတဲ့အတွက် ဒီနေရာကို စတင်မည်၊ ဒီနေရာရဲ့ အောင်မြင်မှုအပေါ် မူတည်ပြီးတော့ ဆက်လက်ဆောင်ရွက်သွားဖို့ရှိပါကြောင်း ဒီလိုတင်ပြပါတယ်"
အစိုးရအနေနဲ့ ရခိုင်ပြည်နယ်က မွတ်စလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု ဥပဒေအတိုင်း စိစစ်ဆောင်ရွက်နိုင်ဖို့အတွက် မွတ်စလင်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရရှိအောင် ကြိုးပမ်းရာမှာ အခက်အခဲတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ခံခဲ့တဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်းစီမံချက် ကို မွတ်စလင်တွေဘက်က ငြင်းဆန်ခဲ့ကြပြီး မြေပုံမြို့နယ်တစ်ခုသာ အဆင်ပြေခဲ့တာကြောင့် မြေပုံမြို့နယ်ကို စမ်းသပ်ဧရိယာအဖြစ် သတ်မှတ်အကောင်အထည်ဖော်မှာ ဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင် စုစည်းတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။
