တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ် ကျောက်ကာကျေးရွာမှာ ဒီနေ့ မီးလောင်ကျွမ်းခဲ့တာကြောင့် ရပ်ကွက် ၃ ခုက နေအိမ်အလုံး ၆ဝဝ လောက် မီးထဲပါသွားတယ်လို့ ကျောက်ကာကျေးရွာသား ဦးခင်ဟုန် က ပြောပါတယ်။
ကျောက်ကာကျေးရွာဟာ ရွာကြီးဖြစ်တဲ့အတွက် ရပ်ကွက် ၄ ခု နဲ့ အိမ်ခြေ ၉ဝဝ ကျော်တို့ နေထိုင်ကြတာဖြစ်ပြီး အမှတ် ၂၊ ၃ နဲ့ ၄ ရပ်ကွက် သုံးခုတို့ မီးထဲပါသွားသလို အထက်တန်းကျောင်း တစ်ကျောင်းလည်း မီးထဲပါသွား တယ်လို့ ပြောပါတယ်။
ဒီကနေ့ မနက် ၈ နာရီ ရေကျချိန်မှာ မီးစတင်လောင်ခဲ့တာဖြစ်ပြီး နေ့လယ် ၁ နာရီလောက်မှာ မီးငြိမ်းသတ်နိုင် ခဲ့ပါတယ်။
မီးလောင်တဲ့နေရာဟာ ကုန်းမြေမဟုတ်ဘဲ တံငါသည်တွေနေထိုင်တဲ့ ကျွန်းရွာဖြစ်တာကြောင့် မီးသတ်ကားတွေ သွားလို့မရဘဲ မြိတ်၊ ပုလောမြို့တွေက မီးသတ်ရေယာဉ်တွေက ရေထဲကနေ မီးငြိမ်းသတ်ခဲ့ကြရပါတယ်။
ရေကျချိန်ဖြစ်နေတဲ့အတွက် မီးကိုထိန်းချုပ်ငြိမ်းသတ်ဖို့ အခက်အခဲရှိခဲ့တာကြောင့် မီးလောင်ချိန်ဟာ အခုလို ကြာသွားရတယ်လို့ ပြောပါတယ်။
မီးလောင်တဲ့နေရာကို မြိတ်နဲ့ ပုလောမြို့တွေက ဒေသခံတွေစုပေါင်းကာ ကယ်ဆယ်ရေးလုပ်နေပြီး မီးလောင်တဲ့ထဲ မပါတဲ့ အမှတ် ၁ ရပ်ကွက်က နေအိမ်တွေမှာ ယာယီသွားရောက်နေထိုင်ကြတယ်လို့ ပြောပါတယ်။
ရပ်ကွက် ၂ နေအိမ်တစ်လုံးက လျှပ်စစ်မီး ဝါယာရှော့ခ်ဖြစ်ရာကနေ မီးစတင်လောင်ရတာလို့ သိရပြီး မီးဘေးသင့် သူအရေအတွက်ကို စာရင်းကောက်နေဆဲဖြစ်ကြောင်း ဒေသအခြေစိုက် လူမှုရေးအဖွဲ့အစည်းတွေက ပြောပါတယ်။