ကျောင်းမြေမှာ ဝန်ထမ်းအိမ်ယာ ဆောက်လုပ်တာ ဆန္ဒပြ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ ၁၆ ရပ်ကွက်က အ.မ.က (၁၆) မူလတန်း စာသင်ကျောင်းဝင်းထဲမှာ အိုးအိမ်ဦးစီးဌာနက သုံးထပ်တိုက် ဝန်ထမ်းအိမ်ယာ ဆောက်လုပ်နေတာကို မြင်းခြံမြို့သူမြို့သားတွေ ရာနဲ့ချီပြီး ဒီနေ့ ကန့်ကွက်ဆန္ဒပြကြပါတယ်။

လွန်ခဲ့တဲ့ ၁၉၅၀ ခုနှစ်ကတည်းက အဲဒီကျောင်းမြေနေရာဟာ စတီးဘရားသားကုမ္ပဏီက စာသင်ကျောင်းဆောက်လုပ်ဖို့ လှူဒါန်းထားတဲ့မြေ ဖြစ်တာကြောင့် အိုးအိမ်ဦးစီးဌာနနဲ့ မသက်ဆိုင်တဲ့အတွက် ဆန္ဒပြကြတာဖြစ်တယ်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ မြင်းခြံမြို့ ဒေသခံ ကိုမျိုးဟန်က ပြောပါတယ်။

“ဒီမြေကတော့ ၅၄ ခုနှစ်မှာ အိုးအိမ်ကနေပြီးတော့ ဂရမ်ပေါက်ထည့်ထားတယ်၊ ၇၇ ခုနှစ်မှာ ပြည်သူ့ကောင်စီအစိုးရ လက်ထက်မှာ ကျောင်းကို စာရွက်စာတမ်းတွေနဲ့ အကုန်ပေးခဲ့ပါတယ်၊ နောက်တခါ၂ဝဝ၄ ခုနှစ်မှာ ဝန်ကြီးဌာနချင်း ပြောင်းလွှဲဖို့ စာရွက်လဲ ၁ဝ၅၊ ၁ဝ၆ ထွက်လာပါတယ်၊ အဲဒါကို အိုးအိမ်ဦးစီးဌာနက သူပိုင်ပါတယ်ဆိုပြီး အဲဒီကမြေထဲမှာ သုံးထပ်အဆာက်အဦး ဝန်ထမ်းအိမ်ရာဆောက်ပါတယ်၊ ပထမတစ်လုံး ပြီးသွားပါပြီ၊ နောက် သုံးထပ်အဆာက်အဦးဆောက်တော့ ရပ်ကွက်သူရပ်ကွက်သားတွေက မခံနိုင်တော့တဲ့အတွက် ဆန္ဒပြပွဲစီစဉ်ရတာပါ”

အဲဒီ အ.မ.က(၁၆) စာသင်ကျောင်းခြံဝန်းဟာ သုံးဧကကျော် ကျယ်ဝန်းပြီး အိုးအိမ်ဦးစီးဌာနက ဝန်ထမ်းအိမ်ယာကို မနှစ်က စတင်ဆောက်လုပ်တာခဲ့တာ ဖြစ်ပါတယ်။

ဒီ ဆန္ဒပြပွဲကို ခွင့်ပြုချက်မရဘဲ ကျင်းပတာဖြစ်ပြီး မြို့ခံတွေက မူလတန်းစာသင်ကျောင်းရှိတဲ့ ၁၆ ရပ်ကွက်ကနေ မြင်းခြံမြို့ထဲအထိ လမ်းလျှောက်ဆန္ဒပြကြတာ ဖြစ်ပါတယ်။