မြင်းခြံထောင်က ၃ ဦး လွတ်မြောက်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်တရားရုံးက ရတနာပုံ တက္ကသိုလ်ကျောင်းသား ၂ ဦးနဲ့ ဝန်းရံသူ ၁ ဦးကို တရားသေလွှတ်ပေးခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြိုးပမ်းပေးတဲ့အတွက် အသိအမှတ်ပြုတယ်လို့ မုံရွာနည်းပညာ တက္ကသိုလ် ကျောင်းသား ကိုစိုးလှိုင်က ပြောပါတယ်။

"ဒီပြန်လွှတ်ပေးတာကို ကျနော်တို့အနေနဲ့ ဝမ်းလည်းမသာဘူး ဒါပေမဲ့ NLD ရဲ့ ကြိုးစားမှုပါခဲ့တယ်လို့ ယူဆတဲ့အတွက် NLD ကိုတော့ ကျနော်တို့ အသိအမှတ်တော့ပြုတယ်"

လွတ်မြောက်လာတဲ့ ဝန်းရံသူဖြစ်သူ ကိုသန့်ဇင်အောင်က ဝရမ်းပြေးအဖြစ် ကြေညာခံထားရသူတွေကိုလည်း ကွင်းလုံးကျွတ်လွှတ်လိုက်ပြီလို့ တရားသူကြီးက ကြေညာကြောင်း ပြောပါတယ်။

"ကိုဇင်ကိုသန့်နဲ့ ကိုစိုးလှိုင်ဦး တို့ကို နိုင်ငံတော်အလံချတင်မှု ပုဒ်မ ၁၆ ကတော့ ဒီကနေ့မှာ ကွင်းလုံးကျွတ်လွှတ်ပေးလိုက်တယ်၊ လွှတ်ပေးလိုက်ပြီးတော့မှ တရားသူကြီးကနေပြီးမှ ဝရမ်းထုတ်ထားတဲ့ ပြေးနေတဲ့ ကျောင်းသားတွေရော၊ အရပ်သားတွေရော ကျန်တဲ့အမှုတွေက အားလုံးမှာပါ အကုန်လုံး ကွင်းလုံးကျွတ်လွှတ်လိုက်တာဖြစ်တယ်ဆိုတာကို ပြေးနေတဲ့သူတွေကိုပါ ပြောပေးဖို့ တရားသူကြီးက ပြောသွားတယ်"

ပြီးခဲ့တဲ့နှစ်က ကျောင်းသားသပိတ်စစ်ကြောင်း မြင်းခြံမြို့ကို ရောက်ရှိစဉ်က မြင်းခြံဒီဂရီကောလိပ်ဝင်းအတွင်း က နိုင်ငံတော်အလံကိုဖြုတ်ချပြီး ဗကသ ကျောင်းသားအလံကို ပြောင်းလဲလွှင့်ထူခဲ့တဲ့အတွက် ဝန်းရံသူ ကိုဇင်ကိုသန့်နဲ့ မုံရွာနည်းပညာတက္ကသိုလ် ကျောင်းသား ကိုစိုးလှိုင်တို့ ၂ ဦးကို နိုင်ငံတော်အလံဥပဒေ ပုဒ်မ ၁၆ တရားမဝင်စီတန်း လှည့်လှည်မှု ပုဒ်မ ၁၈ တို့နဲ့ အစိုးရက တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

အဲ့ဒီကျောင်းသား ၂ ဦးကို ဒီနေ့ ပြန်မလွှတ်တော့ဘူးလို့ထင်ပြီး ညနေ ၄ နာရီမှာ အထက်ဗမာပြည် ဗကသ ကျောင်းသားတွေက မြင်းခြံတရားရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ ဒါ့အပြင် မန္တလေး အိုးဘိုထောင်ကနေ လယ်သမားအရေး ဆောင်ရွက်သူ ရှေ့နေ ဦးဇော်ဝင်းလည်း လွတ်မြောက်ခဲ့ပါတယ်။