မန္တလေးတိုင်ဒေသကြီး၊ မြစ်သားမြို့နယ်မှာ မြို့နယ် တရားသူကြီးကို တာဝန်ကနေ ရုပ်သိမ်းပေးဖို့နဲ့ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့ အတွက် လယ်သမား ၃ဝဝ ကျော်က မြစ်သားမြို့နယ် တရားရုံးရှေ့မှာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ယာမြေတွေနဲ့ ပတ်သက်ပြီး မြို့နယ်တရားသူကြီးက လုပ်ပိုင်ခွင့်ချထားပေးတာ တရားမျှတမှုမရှိတဲ့အတွက် ဆန္ဒပြတာဖြစ်တယ် လို့ မြစ်သားမြို့နယ် ပေတောကျေးရွာက လယ်သမားကို မွတ်တားက ပြောပါတယ်။
"တရားသူကြီးရဲ့ ဘက်လိုက်မှုတွေပေါ့၊ စစ်တပ်ဘက် က တရားလိုက မထွက်တတ်တဲ့ဟာတွေကို သူကရှေ့ ကနေပြီးတော့ ဖေးမပြီးတော့ ထွက်တာတွေပေါ့ဗျာ၊ ကျနော်တို့ တောင်သူတွေအပေါ်မှာ ကာကွယ်မပေးပဲနဲ့ ဖိနှိပ်ပြီး မတရားမှုတွေပြုလုပ်နေလို့ တရားသူကြီးကို ဆန္ဒပြတာပါ၊ နောက် သိမ်းဆည်းခံလယ်ယာမြေတွေ ပြန်လည်ရရှိရေးအတွက်ပါ ဆန္ဒဖော်ထုတ်တာပါ"
လွန်ခဲ့တဲ့ ၁၉၇၉ ခုနှစ်ကစပြီး ကျောက်ဆည်နဲ့ မြစ်သားမြို့နယ်က ပေါင်လောင်ကြီး၊ လွန်ကျော်၊ ထားဝယ်အင်း၊ ပေတောစတဲ့ ကျေးရွာ ၅ ရွာက ယာမြေဧက ခြောက်ထောင်ကျော်ကို 'လွန်ကျော်ဝါ' စိုက်ပျိုးရေးခြံစီမံကိန်းအတွက်ဆိုပြီး ပင်မခဲယမ်းမီးကျောက်တပ် (မန္တလေး)က နစ်နာကြေးမပေးဘဲ သိမ်းဆည်းခဲ့တာဖြစ်တယ်လို့ လယ်သမားတွေက ပြောပါတယ်။
အဲဒီလိုသိမ်းဆည်းခဲ့ပြီးနောက် ၂ဝဝ၅ ခုနှစ်မှာ ဝါစိုက်ပျိုးရေးတပ်ကို လွဲှပြောင်းပေးခဲ့ပြီး လယ်သမားတွေကို သီးစားလုပ်ကိုင်ခွင့်ပေးခဲ့ပါတယ်။ ဒါပေမယ့် ၂ဝ၁၂ ခုနှစ်မှာ မူလလုပ်ကိုင်ခဲ့တဲ့ လယ်သမားတွေကို သီးစားလုပ်ကိုင်ခွင့်မပေးတော့ဘဲ တခြားလယ်သမားတွေကိုသာ လုပ်ကိုင်ခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒီနှစ် ဇွန်လမှာ လယ်သမားတွေက အဲဒီသိမ်းဆည်းထားတဲ့ လယ်ယာမြေတွေထဲ ဝင်ရောက်ထွန်ယက်ခဲ့ကြ တာကြောင့် လယ်သမား ၉ ဦးကို စစ်တပ်က ကျူးကျော်ဝင်ရောက်မှု၊ အကျိုးစီးပွားဖျက်စီးမှု စတဲ့ပုဒ်မတွေနဲ့ တရားစွဲထားတယ်လို့ သိရပါတယ်။
