မြစ်ကြီးနား မြို့ပတ်လမ်း စတင်ဖောက်လုပ်ရာမှာ အိမ်တွေပြောင်းရွှေ့ခိုင်း
2013.02.25
ကချင်ပြည်နယ် အစိုးရအဖွဲ့က မြို့ပတ်လမ်းဖောက်လုပ်ဖို့ဆိုပြီး မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်၊ နယ်မြေ (၉) မှာ လမ်းတွေရှင်းနေတာကြောင့် အဲ့ဒီအနားတဝိုက်မှာနေထိုင်တဲ့ တောင်သူတွေရဲ့ အိမ်ခြေ (၃၀) ကျော်ကို မြေတူးစက်တွေနဲ့ ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့မှာ စတင်ပြီး ရှင်းလင်းတူးဖော်နေပြီလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မြေတူးစက်တွေနဲ့ ရှင်းလင်းနေတဲ့ အခြေအနေတွေကို ဒေသခံတွေကို ကူညီပေးနေတဲ့ သူတစ်ဦးက အခုလို ပြောပါတယ်။
“အခု ဘက်ဟိုးတွေနဲ့ တူးတာကတော့ ဒီဘက် ပိုးစာခြံလမ်းထိပ်အထိ ရောက်နေပါပြီ၊ အဲမှာကတော့ ရေမြောင်းအကြီးကြီးဖောက်တယ်၊ မြောင်းဖောက်ပြီး တူးနေကြတယ်၊ ရွှေ့ရခက်တဲ့ဟာတွေကတော့ မရွှေ့နိုင်သေးဘူးပေါ့၊ တချို့ကတော့ ရွှေ့ကုန်ပြီ၊ တစ်သက်မှာတခါပဲ ဆောက်ထားတဲ့အိမ်တွေကို ပြန်ရွှေ့ရတယ်ဆိုတော့ စားဝတ်နေရေးတောင်အနိုင်နိုင် ရှာနေရတဲ့အထဲမှာ အခုလောလောဆယ် ရွှေ့နေရတယ်ဆိုတော့ ခက်ခဲသွားတာပေါ့၊ တစ်နေ့လုပ် တစ်နေ့စားတွေက အလုပ်လဲမလုပ်နိုင်တော့ဘူးပေါ့၊ အိမ်ရွှေ့ဖို့အရေးဘဲ အလုပ်ရှုပ်နေကြတယ်”
အခုလို လမ်းဖေါက်လုပ်တာဟာ ဒေသခံတွေ အကျိုးစီးပွားအတွက်ဖြစ်ကြောင်း ကချင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးအလေးပါးက RFA ကို ပြောပါတယ်။
"ဒါကခရိုင်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်မြေစာရင်းကို ကွင်းဆင်းသတ်မှတ်ခိုင်းတာ အခုဘာမှမလုပ်ရသေးပါဘူး၊ ရွှေ့တာက သူတို့အဝေးကြီးမရွှေ့ပါဘူး၊ အဲ့နားဘဲနောက်ကို ငါးပေရွှေ့လိုက် ဆယ်ပေရွှေ့လိုက် အဲ့လောက်လုပ်ပြီးမှ အဲ့လောက်ပါဘဲ တစ်ခြားမရှိပါဘူး၊ မပြောင်းရွှေ့ခင် တစ်လနှစ်လကြိုပြီးမှ ကွင်းဆင်းတာလုပ်ထားတာ၊ လမ်းဖောက်ပေးတာ ဝမ်းသာလွန်းလို့သူတို့လေ၊ အိမ်ယာဈေးမြင့်သွားတယ် လမ်းကောင်းသွားတယ်ဆိုတော့ ဝမ်းသာနေတာ၊ သူတို့ရဲ့ပိုင်ဆိုင်မှု အထောက်အထားကို စိစစ်ထားတယ်။ ဟိုမှာလေ ကျွန်တော်တို့မြေစာရင်း ဘာညာလေ၊ မြေကြီးအားလုံးက နိုင်ငံတော်ပိုင်တာလေ၊ ကျွန်တော့ကိုယ်ပိုင်လည်း မဟုတ်ပါဘူး၊ ဒါအားလုံးသူတို့အတွက် လုပ်ပေးတာ"
ဒေသခံတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးတွေနဲ့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး အသနားခံစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။