မြစ်ကြီးနားမြို့တွင် ဗုံးကွဲ လူ ၃ ဦး ထိခိုက်ဒဏ်ရာရ

မြစ်ကြီးနားမြို့ ဆေးရုံနဲ့ မော်တော်ယာဉ် ထိန်းသိမ်းရေးဌာနအနီးမှာ ဒီနေ့မနက် စောစောပိုင်းက ဗုံးတစ်လုံးပေါက်ကွဲခဲ့လို့လူ ၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားကြတယ်လို့ သိရပါတယ်။

ဒါနဲ့ ပတ်သက်လို့ မြစ်ကြီးနားဒေသခံ တစ်ယောက်က -

"ဆေးရုံတောင်ဘက် မော်တော်ဘီကယ်အနား ဒီမနက် ၇ နာရီနဲ့ ၂၃ မိနစ်။ ၃ယောက်ထိတယ်။ သေတော့မသေဘူး။ တစ်ယောက်က ဆိုင်ကယ်နဲ့လာတာ။ တူအရီး နှစ်ယောက်၊ ၆ နှစ်သားကလေးအရွယ် တစ်ယောက်ပါတယ်တဲ့။ သူ့အဒေါ်နဲ့ အမှိုက်လာပစ်တာ အဲဒီအချိန်မှာကွဲတာ" လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ RFA က မြစ်ကြီးနား အထွေထွေဆေးရုံ၊ မြစ်ကြီးနားမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဌာနနဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တို့ကို ဆက်သွယ်မေးမြန်းပေမဲ့ ဗုံးကွဲတာ ဟုတ်မှန်ကြောင်းပဲ အတည်ပြုပြောဆိုပြီး အသေးစိတ် ပြောဆိုတာမရှိပါဘူး။

လွန်ခဲ့တဲ့ သြင်္ကန်အတက်နေ့ကလည်း မြစ်ကြီးနားအထွက် သံလမ်းမှာ ဗုံးတစ်လုံးပေါက်ကွဲလို့ သံလမ်းအနည်းငယ် ပျက်စီးသွားတယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့မှာ အခုလို မကြာခဏ ဗုံးတွေပေါက်ကွဲနေပေမဲ့ တရားခံအစစ်အမှန်ကို ဖော်ထုတ်နိုင်တာ မတွေ့ရသေးပါဘူး။