ဧရာဝတီမြစ်ဆုံဆည် တည်ဆောက်ရေးလုပ်ငန်းတွေ ပြန်လည်စတင်နိုင်ရေးအတွက် မြန်မာအစိုးရသစ်ကို တွန်းအားပေးသွားမယ်လို့ တရုတ် နိုင်ငံခြားရေး ဒုတိယဝန်ကြီး လျူဇန်မင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံနဲ့ တရုတ် နှစ်နိုင်ငံ သဘောတူညီထားတဲ့ လုပ်ငန်းစာချုပ်ဟာ အသက်ဝင်နေဆဲပဲလို့ တရုတ်ဒုဝန်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။
မြစ်ဆုံဆည်စီမံကိန်းဟာ တရုတ်နိုင်ငံအတွက် အလွန်အရေးကြီးကြောင်း၊ စီမံကိန်း ရပ်နားထားရတာဟာ အင်မတန်ဝမ်းနည်းစရာကောင်းကြောင်း ရှေ့သီတင်းပတ်ကျင်းပမယ့် တရုတ်ဝန်ကြီးချုပ်နဲ့ အရှေ့တောင်အာရှ ၅ နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံပွဲမတိုင်ခင် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို ထုတ်ဖော်ပြောဆိုလိုက်တာပါ။
လက်ရှိ ဦးသိန်းစိန် အစိုးရအနေနဲ့ မြစ်ဆုံစီမံကိန်းကို ပြန်စတင်ဖို့ အချိန်မလုံလောက်တော့တာကြောင့် အစိုးရသစ်တက်လာတာနဲ့တပြိုင်နက် ဒီစီမံကိန်းပြန်စနိုင်အောင် တွန်းအားပေးပြောဆိုသွားမယ်လို့ သူက သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ စီမံကိန်းကြီးတွေမှာ ပြဿနာတွေ ပေါ်ပေါက်နေပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ဒေသခံတွေရဲ့ ဆန့်ကျင်မူတွေနဲ့ ရင်ဆိုင်နေရသလို၊ ရခိုင်ပြည်နယ် ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို သွယ်တန်းတဲ့ ဓါတ်ငွေပိုက်လိုင်း စီမံကိန်းမှာလည်း ပြဿနာတွေရှိနေ တာ ဖြစ်ပါတယ်။
တရုတ်ဝန်ကြီးချုပ်နဲ့ အရှေ့တောင်အာရှ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပွဲကို တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်အပမ်းဖြေကျွန်းမှာ ပြုလုပ်ဖို့ စီစဉ်ထားပြီး မြန်မာအစိုးရ တက်ရောက်မလားဆိုတာတော့ အတိအကျ မသိရသေးပါဘူး။
မြစ်ဆုံဆည် တည်ဆောက်ရေးလုပ်ငန်းတွေ အလျှင်အမြန် ပြန်လည်စတင်နိုင်ရေးအတွက် အစိုးရသစ်ကို တွန်းအားပေးမယ်လို့ တရုတ်အစိုးရရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး လာမယ့် အစိုးရအဖွဲ့သစ်မှာ သယံဇာတနဲ့ သဘာဝပတ်ကျင်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဖြစ်လာမယ်လို့ ထင်ကြေးပေးခံနေရတဲ့ စိမ်းလန်းအမိမြေ (Eco Dev) အဖွဲ့က အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမျိုးသူကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထား တာ နားဆင်နိုင်ပါတယ်။
