အမျိုးစောင့်ဥပဒေ ပြဌာန်းနိုင်ရေး အတွက် ထောက်ခံကြောင်း လက်မှတ်တွေ ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ခံနေရာ ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့အထိ ထောက်ခံထားတဲ့ လက်မှတ်ပေါင်း တစ်သန်းကျော်သွားပြီလို့ အထက်မြန်မာပြည်မှာ ဦးဆောင်လှုပ် ရှားနေတဲ့ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူက မိန့်ပါတယ်။
ဒီအမျိုးစောင့် ဥပဒေထောက်ခံလက်မှတ်တွေရရှိဖို့ စုဆောင်းတဲ့နေရာမှာ နိုင်ငံရေးပါတီတွေက ကူညီပေးပြီး တစ်ချို့မြို့နယ်တွေမှာတော့ ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ တားဆီးမှုတွေကို ကြုံတွေ့ရတာရှိတယ်လို့ ဆရာတော် ဦးဝီရသူက မိန့်ပါတယ်။
အမျိုးစောင့်ဥပဒေ ပြဌန်းနိုင်ဖို့အတွက် ဆရာတော် ဦးဝီရသူနဲ့ သံဃာတွေ ဒကာ ဒကာမတွေက မန္တလေးမြို့မှာ လက်မှတ်တွေကို စုဆောင်းနေတာပါ။
အထက်မြန်မာပြည်အတွက် မစိုးရိမ်တိုက်သစ်ရဲ့ နာယကဆရာတော် ဦးဝီရသူက ဦးဆောင်ကောက်ယူနေတာဖြစ်ပြီး အောက်မြန်မာပြည်အတွက် ဆရာတော် ဦးပညာဝရက ဦးဆောင်ကောက်ယူနေတာဖြစ်ပါတယ်။
မန္တလေးမြို့မှာတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ကတည်းက အမျိုးစောင့်ဥပဒေ ထောက်ခံလက်မှတ်တွေကို ၃၇ လမ်းနဲ့၃၈ လမ်းကြားမှာရှိတဲ့ ၈၁ လမ်း နဲ့ ၄၁ လမ်းနဲ့ ၄၂ လမ်းကြားမှာရှိတဲ့ လမ်း ၈ဝ စတဲ့နေရာတွေမှာ မဏ္ဍပ်ဖွင့်လှစ်ပြီး ကောက်ယူနေတာ ဖြစ်ပါတယ်။