မျိုးစောင့်ဥပဒေမူကြမ်း လေးခုကို ပြည်ထောင်စု အစိုးရအဖွဲ့က ပြည်ထောင်စု လွှတ်တော်ဆီ တင်သွင်းထားပြီးဖြစ်ကြောင်းနဲ့ လာမယ့်လွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးကြမယ်လို့ သိရပါတယ်။
ဒီနေ့ အစိုးရသတင်းစာထဲမှာ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဖော်ပြထား ပါတယ်။
ဒီဥပဒေကြမ်းကို ပြည်ထောင်စု အစိုးရအဖွဲ့က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့က လွှတ်တော်ကို တင်သွင်းလိုက်တာဖြစ်ပါတယ်။
ကိုးကွယ်ရာဘာသာအလိုက် ကူးပြောင်းလိုသူဟာ သက်ဆိုင်ရာမြို့နယ်အလိုက် သာသနာရေးမှူး၊ လ.ဝ.က မှူး၊ အုပ်ချုပ်ရေးမှုး စသူတို့ပါဝင်တဲ့ မှတ်ပုံတင်ရေးအဖွဲ့ဆီကို အချက်အလက်တွေတင်ပြရမှာ ဖြစ်တယ်လို့ ပါရှိပါတယ်။
ဘာသာတစ်ခုကနေတစ်ခုကို ကူးပြောင်းလိုသူဟာ တစ်စုံတစ်ယောက်က သွေးဆောင်ဖြားယောင်းခြင်း၊ ခြိမ်းခြောက်ခြင်း၊ အနိုင့်ထက်ပြုကျင့်ပြီး ကူးပြောင်းလိုသူမဖြစ်ရဘဲ အဲဒီလို ပြုမူချက်တွေကိုတွေ့ရှိရင် ဥပဒေအရ ထောင်ဒဏ်ခြောက်လကနေ နှစ်နှစ်၊ ငွေဒဏ်ကျပ် တစ်သိန်းမှ နှစ်သိန်း အသီးသီးကျခံစေရမယ်လို့ ဥပဒေကြမ်းမှာ ထည့်သွင်းထားပါတယ်။ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်း၊ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူးထိမ်းမြားခြင်း ဆိုင်ရာဥပဒေကြမ်း၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းတွေကိုလည်း နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပေးမယ်လို့ သိရပါတယ်။
ဒီဥပဒေမူကြမ်းတွေအပေါ် သုံးသပ်သူတွေရဲ့ အမြင်တွေကို RFA အဖွဲ့သား ဒေါ်ခင်ခင်အိက စုစည်းတင်ပြထားပါတယ်။
