နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီနဲ့ အစိုးရ ဆွေးနွေးမည်

အိန္ဒိယ-မြန်မာနယ်စပ်အခြေစိုက် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီဟာ လာမယ့် ဖေဖော်ဝါရီလ အတွင်း မြန်မာအစိုးရနဲ့ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။

အဲဒီ့အကြောင်းနဲ့ ပတ်သက်ပြီး နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီက ဗဟိုကော်မတီဝင် ဦးကျော်ဝမ်းစိန်က RFA ကို အတည်ပြု ပြောပါတယ်။

"တိုင်းဒေသကြီးအဆင့် အပစ်အခတ်ရပ်စဲရေးကို ခန္တီးမြို့မှာ ကျင်းပခဲ့တယ်၊ အခုပြည်ထောင်စုအဆင့် ဆက်လက်ပြီးတော့ ဆွေးနွေးဖို့ရှိတယ် ဖေဖော်ဝါရီ လဆန်းပိုင်းလောက်မှာ ဖြစ်မယ်"

ဆွေးနွေးဖြစ်မယ်ဆိုရင် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီဖက်က ပြင်ဆင်မှုအနေနဲ့ကတော့ အပစ်အခတ်ရပ်စဲမှု ခိုင်မာစေရေး၊ ဖွံ့ဖြိုးမှုနိမ့်ကျနေတဲ့ နာဂဒေသ ဖွံ့ဖြိုးတိုးတက်စေရေး၊ တပ်တွေနေရာချထားရေး၊ အပစ်အခတ်ရပ်စဲရေး ကာလတွေအတွင်း နှစ်ဖက်လိုက်နာရမယ့်ကျင့်ဝတ် စတဲ့အချက်တွေကို ဆွေးနွေးသွားဖို့ရှိတဲ့အပြင် ယခုအချိန်ထိ ဘယ်နေရာမှာ တွေ့ဆုံဆွေးနွေးမယ်ဆိုတာကိုတော့ မသိရှိရသေးဘူးလို့ သိရပါတယ်။

နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီဟာ ၁၉၆၄ ခုနစ်ကတည်းက မြန်မာအစိုးရကို လက်နက်စွဲကိုင် တော်လှန်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ၂၀၁၂ ခုနှစ် ဧပြီလ ၉ရက်နေ့မှာ အစိုးရနဲ့ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိထားတာဖြစ်ပါတယ်။