စစ်ကိုင်းတိုင်း ဒေသကြီး၊ နာဂဒေသ၊ နန်းယွန်းမြို့နယ်နဲ့ အိန္ဒိယ-မြန်မာနယ်စပ် ပန်ဆောင်ဒေသတွေမှာ အခြေခံစားသောက်ကုန် ဆန်ပြတ်လပ်နေတယ်လို့ အစိုးရနဲ့ အပစ်ရပ်စဲထားတဲ့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN/K အဖွဲ့က RFA ကို ပြောပါတယ်။
အခုလို ဆန်ပြတ်လပ်မှု ကြုံတွေ့နေရတာဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်း အဆိုးရွာဆုံး ဆန်ပြတ်လပ်မှုဖြစ်တယ်လို့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN/ K မှ ဗဟိုကော်မတီဝင် ဦးကျော်ဝမ်းစိန်က ပြောပါတယ်။
ဆန်ရှားပါးပြတ်လပ်မှုကြောင့် အိန္ဒိယနိုင်ငံက ၇ ပြည်လောက်ရှိတဲ့ ဆန်တအိပ်ကို ရူပီးငွေ ၁၂၅၀ မြန်မာ ကျပ်ငွေနဲ့ ဆိုရင် ကျပ် ၂ သောင်းဝန်းကျင်လောက်နဲ့ ဝယ်ယူစားနေရတယ်လို့ ပြောပါတယ်။
အဲဒီဈေးနှုှုန်းနဲ့ ဝယ်ယူနိုင်ဖို့အတွက် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီက မေတ္တာရပ်ခံထားရကြောင်းလည်း သိရပါတယ်။ ဆန်ပြတ်လပ်မှုအခြေအနေကို ဖြေရှင်းနိုင်ဖို့အတွက် နယ်မြေခံအစိုးရစစ်တပ်နဲ့ NSCNအဖွဲ့တွေက အိန္ဒိယနိုင်ငံအထိ ဆန်အိတ်တွေ သွားရောက်ဝယ်ယူပြီး ဒေသခံတွေကို ဝယ်ယူလာတဲ့ ဈေးနှုန်းအတိုင်း ပြန်လည်ရောင်းချပေးနေတယ်လို့လည်းဆိုပါတယ်။