နိုင်ငံအမည် ပြောင်းသင့်ကြောင်းနဲ့ ပြည်နယ်တွေ သတ်မှတ်ပေးဖို့ ဆွေးနွေး


2016.09.02
nainghanthar-21panglong-620.jpg နေပြည်တော်မှာကျင်းပတဲ့ ၂၁ ရာစု ပင်လုံညီလာခံ ၃ ရက်မြောက်နေ့ အစည်းအဝေးမှာ မွန်ပြည်သစ်ပါတီ MNSP ဒုတိယဥက္ကဌ နိုင်ဟံသာ ဆွေးနွေးနေစဉ်
Photo: Win Naung Toe/RFA

၂၁ ရာစု ပင်လုံညီလာခံ ၃ ရက်မြောက်နေ့ အစည်းအဝေးမှာ မြန်မာနိုင်ငံကို အမည်ပြောင်းလဲဖို့  မွန်ပြည်သစ်ပါတီ MNSP ဒုတိယဥက္ကဌ နိုင်ဟံသာက   ဆွေးနွေးပါတယ်။

အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်ကြမလဲဆိုပြီး တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ နဲ့  ပါဝင်သင့် ပါဝင်ထိုက်သူများ အစုအဖွဲ့အသီးသီးက အမြင်တွေကို တင်ပြရာမှာ တိုင်းရင်းသားခေါင်းဆောင် တဦးဖြစ်သူ နိုင်ဟံသာက ထည့်သွင်းဆွေးနွေးခဲ့တာဖြစ်ပါတယ်။

"ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုရဲ့အမည်ကို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု မြန်မာနိုင်ငံ ဟု ခေါ်ဆိုရာတွင် မြန်မာနိုင်ငံဟူ၍ဖြစ်စေ ဗမာနိုင်ငံဟူ၍ဖြစ်စေ အင်္ဂလိပ်ဘာသာစကားဖြင့် Burma  သို့မဟုတ် Myanmar ဟူ၍ဖြစ်စေ သုံးနှုန်းခေါ်တွင်ခြင်းသည် ပြည်ထောင်စုနိုင်ငံအတွင်း နေထိုင် လာခဲ့ကြသည့် တိုင်းရင်းသားလူမျိုးများနဲ့ လူမျိုးတမျိုးဖြစ်သည့် ဗမာအမျိုးသားများကိုသာ ရည်ညွှန်းနေ ပါသည်၊ ဗမာ နဲ့ မြန်မာ ဆိုတဲ့ဟာကတော့ အတူတူပဲဆိုတာ အားလုံးလည်းသိကြပါတယ်၊ မြန်မာဆိုတာ ဟိုးအရင်က သုံးနှုန်းတဲ့ဝေါဟာရဖြစ်ပြီးတော့ ဗမာဆိုတာ ဒီနောက်ပိုင်းမှာသုံးနှုန်းတဲ့ ဝေါဟာရဖြစ်ပါ တယ်။ သို့ဖြစ်ပါ၍ စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာတွင် နိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးများ အားလုံး၏ တန်းတူညီမျှမှုကို ဖော်ဆောင်နိုင်ရန် ထိုတိုင်းရင်းသားလူမျိုးများ အားလုံးကို ကိုယ်စားပြုနိုင်မည့် အမည်နာမအသစ်တစ်ခုကို ဆွေးနွေးသတ်မှတ်သင့်ပါတယ်"

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ကိုယ်စား တက်ရောက်ပြောကြားတဲ့ ဗိုလ်ချုပ် စပ်ခွန်ဆိုင်က ဗမာပြည်နယ် ကိုလည်း ဖွဲ့စည်းရမယ်လို့ ဆွေးနွေးခဲ့ပါတယ်။

ဝအမျိုးသား စည်းလုံးညီညွတ်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးညီနပ်က ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ပေး ဖို့  တောင်းဆိုလိုက်သလိုနဲ့ တိုင်းလိုင် ရှမ်းနီပါတီဥက္ကဌ ဦးဌေးအောင်ကလည်း ရှမ်းနီကို ပြည်နယ်အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုပါတယ်။

မနေ့က ညီလာခံကို ဆက်မတက်ဘဲ  ထွက်ခွာသွားတဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ ကိုယ်စားလှယ်အဖွဲ့က သူတို့တင်သွင်းဖို့ ပြင်ဆင်ခဲ့တဲ့ စာတမ်းမှာပါရှိတာက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ သတ်မှတ်ပေးဖို့ ပါရှိပါတယ်။ ဥပမာအနေနဲ့ တင်ပြထားတာက တူညီတဲ့ဒေသ အတွင်း တူညီတဲ့လူမျိုးစုတစုဟာ လူဦးရေ ၁သိန်းရှိရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လူဦးရေ ၂ သိန်းရှိရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်းနဲ့  လူဦးရေ ၃ သိန်းရှိရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် လျှောက်ထားနိုင်တယ်လို့ စာတမ်းမှာ ပါရှိပါတယ်။ ရှမ်းပြည်နယ်မှာရှိတဲ့ တအာန်း ဓနု ပအိုဝ်း လားဟူ အာခါ ကိုးကန့်  စတဲ့ လူမျိုးစုတွေကိုလည်း သက်ဆိုင်ရာ သတ်မှတ်ချက်အလိုက်ပေးဖို့ ပါရှိပါတယ်။

၂၁ ပင်လုံညီလာခံမှာ တင်ပြကြတဲ့ ဆွေးနွေးချက်တွေဟာ အမြင်သဘောထားအဆင့်တွေသာဖြစ်ပြီး ညီလာခံအပြီး နောက်ဆက်တွဲ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အခုဆွေးနွေးကြတာတွေကို ဆက်လက်ညှိနှိုင်းကြရ မှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။