မစ္စတာနမ်ဘီးယား ကချင်ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာ

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဘီဂျေနမ်ဗီးယားဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့တွေမှာရှိတဲ့ စစ်ဘေးဒုက္ခသည် စခန်းတွေကို ဒီကနေ့ သွားရောက်လေ့လာပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအပေါ် အကောင်းမြင်တဲ့ဘက်ကနေ ရှုမြင်ရမှာဖြစ်ပြီး ဘယ်လိုအခြေအနေပဲ ရောက်ရောက် ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေနဲ့ အတူရှိနေမှာဖြစ်တယ်လို့ ဒီကနေ့ မြစ်ကြီးနားမြို့ သီတာနှစ်ခြင်း ဗိမာန်အသင်းတော်မှာ မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံချိန်အတွင်း မစ္စတာ နမ်ဘီယားက စကားပြန်ကနေတဆင့် ပြောခဲ့ပါတယ်။

ဒါအပြင် မစ္စတာနမ်ဗီးယားဟာ ကေအိုင်အို နည်းပညာအကြံပေးအဖွဲ့နဲ့ မြစ်ကြီးနားမြို့ပေါ်မှာတွေ့ဆုံခဲ့ပြီး မနက်ဖြန်မှာတော့ ကေအိုင်အိုအဖွဲ့ရုံးစိုက်ရာ လိုင်ဇာမြို့ကို သွားရောက်မယ်လို့ သိရပါတယ်။