ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ အထူးအကြံပေးအရာရှိ Mr. Nambiar ဟာ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မှာ ဘာသာရေးခေါင်းဆောင်တွေ နဲ့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
Mr. Nambiar က လူ့အဖွဲ့အစည်းအတွင်း မုန်းတီးရေးတရားတွေကို ထိန်းသိမ်းဖို့လိုအပ်ကြောင်း ပြောကြားခဲ့တယ်လို့ ဆွေးနွေးပွဲကိုတက်ရောက်ခဲ့တဲ့ မိတ္ထီလာမြို့က မွတ်စလင် လူ့အဖွဲ့အစည်းခေါင်းဆောင် တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက အခုလို ပြောပါတယ်။
မိတ္ထီလာမြို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နဲ့ နေရာချထားရေးရုံးမှာ ကျင်းပခဲ့တဲ့ အဲဒီဆွေးနွေးပွဲကို မွေးမြူရေး၊ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး ဦးအုန်းမြင့် တက်ရောက်ခဲ့ပြီး၊ ဘာသာရေး ခေါင်းဆောင်တွေဘက်က ဓမ္မဒူတ ဆရာတော် အရှင် ဆေကိန္ဒ၊ ပြင်ဦးလွင်မြို့က အာရှအလင်းရောင်ဆရာတော်၊ မန္တလေး နဲ့ မိတ္ထီလာက အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တွေ၊ ခရစ်ယာန် နဲ့ ဟိန္ဒူဘာသာရေးခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
မစ္စတာ ဗီဂျေး နမ်ဘီယားနဲ့ အဖွဲ့ဟာ ပြီးခဲ့တဲ့ မတ်လက အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့ မင်္ဂလာ ဇေယျုံ ရပ်ကွက် နဲ့ သုခဝတီ မွတ်စလင် ဗလီ ကို သွားရောက် လည်ပတ်ခဲ့ကြပါတယ်။
မစ္စတာ Nambiar ဟာ ဗုဒ္ဓဟူးနေ့က ကချင်ပြည်နယ် ကေအိုင်အို ဌာနချုပ် လိုင်ဇာမြို့မှာ ကေအိုင်အို ဥက္ကဋ္ဌ ဦးဇောင်းဟရား အပါအဝင် ဗဟို ကော်မတီဝင် တွေနဲ့ တွေ့ဆုံခဲ့ပြီး၊ လိုင်ဇာမြို့ အနီးတဝိုက်က စစ်ဘေးဒုက္ခသည် စခန်းတွေကို သွားရောက်လေ့လာခဲ့ပါတယ်။