မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ အစီအစဉ်ရှိရှိနဲ့ စနစ်တကျ ကျွမ်းကျွမ်းကျင်ကျင် ကျူးလွန်သွားခဲ့တာဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ Vijay Nambiar က ပြောလိုက်ပါတယ်။ ထိုင်းနိုင်ငံ ကုလသမဂ္ဂ ဌာနချုပ်မှာ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။
မစ္စတာ Nambiar ဟာ မြန်မာနိုင်ငံကို သွားရောက်ခဲ့စဉ်အတွင်း ဘာသာရေးပဋိပက္ခတွေ စတင်ဖြစ်ပွားခဲ့ရာ မိတ္တီလာမြို့ကို သွားရောက် ကြည့်ရှုခဲ့ပြီး၊ ဒုက္ခသည် ပြည်သူတွေနဲ့ တွေ့ဆုံခဲ့ ပါတယ်။ ဒါ့ပြင်သမ္မတဦးသိန်းစိန်နဲ့ လည်း နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
မိမိတွေ့ဆုံခဲ့သူအများစုက အကြမ်းဖက်တိုက်ခိုက်တာတွေဟာ မြို့ခံမဟုတ်တဲ့ အပြင်ကလူတွေရောက်ရှိလာပြီး လှုံ့ဆော်ကြရာက ပေါ်ပေါက်လာခဲ့တာလို့ ပြောကြပါတယ်။ ဒါ့ပြင်အကြမ်းဖက်တိုက်ခိုက်ကြဖို့ သွေးထိုးလှုံ့ဆော်တဲ့စာတွေ၊ အရေးအသားတွေကလည်း ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေကြား မငြိမ်မသက်ဖြစ်အောင် မွှေနှောက်ခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန်ကလည်း မှုခင်းတစ်ခုကို ဘာသာရေးအရောင်ဆိုးပြီး တခြားမြို့ရွာတွေအထိ ကူးစက်အောင်လုပ်ဆောင်နေသူတွေကို အမြန်ဆုံးဖေါ်ထုတ်အရေးယူမယ်လို့ အခိုင်အမာပြောလိုက်ပါတယ်လို့ မစ္စတာ Nambiar က ပြောကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မနေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ လက်ထောက်ပြောခွင့်ရသူ Patrick Ventrell က မိတ္တီလာအပြီး ပဲခူးတိုင်းမှာ ကူးစက်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် မိမိတို့စိုးရိမ်နေရဆဲဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်းအချင်းချင်း၊ ဘာသာအချင်းချင်းသည်းခံမှု၊ အပြန်အလှန်လေးစားမှုတွေ ဖြစ်စေလိုကြောင်း၊ ဘာသာရေးခေါင်းဆောင်တချို့က အဲသလိုဆောင်ရွက်နေကြတဲ့အတွက် အားတက်မိကြောင်း ပြောကြားခဲ့ပါတယ်။
အကြမ်းဖက်ခံရသူတွေအတွက် ဒေါ်လာတစ်သိန်း ထောက်ပံ့မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ကြေညာလိုက်ပါတယ်၊ အရေးပေါ်လိုအပ်ချက်တွေအတွက် တိုက်ရိုက်ကူညီသွားမှာဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။
