ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA တပ်တွေနဲ့ မြန်မာအစိုးရတပ်တွေအကြား တရုတ်မြန်မာနယ်စပ် နမ့်ခမ်းမြို့နယ်အနီးမှာ ပြီးခဲ့တဲ့သတင်းပတ်အတွင်းက တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် တရုတ်ပြည်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတွေထဲက လူဦးရေ ၃၀၀ ကျော်ဟာ မနေ့ကစပြီး နေရပ်ပြန်လာနေကြတယ်လို့ သိရပါတယ်။
ဒီတိုက်ပွဲကြောင့် အိုးအိမ်ဆုံးရှုံးသူတွေနဲ့ သက်ကြီးရွယ်အိုတွေကတော့ လတ်တလော ပြန်မလာနိုင်သေးဘူးလို့ နမ့်ခမ်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုင်းကျော်အုန်းက RFA ကို ပြောပါတယ်။
"မနေ့ကတော့ ကောင်းပါတယ်၊ တော်တော်လာကြတယ်၊ သွားရေးလာရေး အခက်အခဲရှိတဲ့ အသက်ကြီးတဲ့သူတွေတော့ နောက်နှစ်ရက်သုံးရက်မှ လာကြမှာပါ၊ မနေ့က ပြန်လာတာက ၃၀၀ ကျော်လောက်ပေါ့"
ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့က တရုတ်မြန်မာနယ်စပ် နမ့်ခမ်းမြို့နယ်မှာရှိတဲ့ ကျေးရွာ ၄ ရွာက ဒေသခံ ၂၀၀၀ ကျော်လောက်ဟာ တရုတ်နိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာပါ။
နေရပ်ပြန်ရောက်လာသူတွေကို အစိုးရစစ်တပ်က ဆန်တွေဝေပေးပြီး မြို့ပေါ်ကဒေသခံတွေကလည်း လိုအပ်တဲ့ပစ္စည်းတွေ ကူညီပေးနေတယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်တဲ့ကျေးရွာတွေက ပျက်စီးဆုံးရှုံးမှုတွေကို အစိုးရစစ်တပ်နဲ့ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းတချို့က တာဝန်ရှိသူတွေ နေ့စဉ်သွားရောက်စစ်ဆေးနေပြီး လက်ရှိစာရင်းအရ နောင်ခမ်းရွာမှာ ငွေကျပ် ၁၅၇ သိန်းကျော် လျော်ကြေးပေးဖို့ အထက်ကိုတင်ပြထားတယ်လို့လည်းဆိုပါတယ်။