တမူးမြို့က နန်းဖာလုံဈေးကို ယာယီပိတ်ထား

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့နယ်အတွင်းမှာ ဇန်နဝါရီလ ၃ ရက်နေ့က မြန်မာနိုင်ငံဘက်က ဒေသခံ ၂ ဦးကို အမည်မသိ သူ ၃ ယောက်က သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တမူးမြို့က နန်းဖာလုံဈေးကို ဇန်နဝါရီ ၄ ရက်ကနေ ၆ ရက်နေ့အထိ ပိတ်ထားတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

တမူးမြို့မှာ ဇန်နဝါရီ ၃ ရက်နေ့က ပစ်ခတ်မှုဖြစ်ခဲ့တဲ့အပြင် နယ်မြေချင်းကပ်နေတဲ့ အိန္ဒိယနိုင်ငံဘက်မှာလည်း အခြေအနေ မတည်ငြိမ်တဲ့အတွက် ပိတ်တာဖြစ်တယ်လို့ တမူးမြို့ဒေသခံ ကုန်သည်တစ်ယောက်ဖြစ်တဲ့ ဦးပူဟင်က ပြောပါတယ်။

"လုံခြုံရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ပေါ့ဗျ ၊ လွတ်လပ်ရေးနေ့ တစ်ရက်ရယ် ဒီနေ့ရယ် မနက်ဖြန်ရယ်ပေါ့ ဗျာနော်၊ အမှန်က လွတ်လပ်ရေးနေကတော့ ပုံမှန်ဈေးပိတ်ရက်ပေါ့ဗျာ၊ ဒီနေ့နဲ့ မနက်ဖြန်ကတော့ လုံခြုံရေးအရဆိုပြီး သက်ဆိုင်ရာက ပိတ်လိုက်တာပါခင်ဗျ၊ နန်းဖာလုံဈေးကျတော့ဗျာ ကျနော်တို့ စည်ပင်ရေးလို့ပြောရမှာပေါ့ဗျာ၊ နယ်စပ်စည်ပင်ရေးဆိုတော့ မကြာသေးခင်က ပြီးခဲ့တဲ့ ၃ ရက်နေ့က ဟိုဘက်ကမ်းကလာပြီးတော့ ပစ်ခတ်မှုဖြစ်ပွားတယ်ပေါ့နော်။ တစ်ဖက်နိုင်ငံရဲ့ အခြေအနေကလည်း တည်ငြိမ်မှုမရှိတော့ စိုးရိမ်လို့ပေါ့ဗျာ"

ဇန်နဝါရီလ ၃ ရက်နေ့က တမူးမြို့၊ စန္ဒကူး (၆) ရပ်ကွက်နေ ကိုပီတာနဲ့ သမီးဖြစ်သူ မအဘင်တို့ကို အမည်မသိသူ ၃ ယောက်က သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့အတွက် ဒဏ်ရာရရှိခဲ့တယ်လို့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထား ပါတယ်။

တမူးမြို့မှာ အဲဒီလို ဗုံးပေါက်ကွဲမှုတွေ၊ ပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့အတွက် နယ်မြေခံ ရဲတပ်ဖွဲ့တွေနဲ့ တပ်မတော်ဘက် ကလည်း လုံခြုံရေးယူထားတာတွေ တွေ့ရတယ်လို့ ကိုပူဟင်က ပြောပါတယ်။