ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့က မီးဘေးသင့်သူ ၁၃ဝဝ နီးပါးအတွက် သောက်သုံးရေ၊ စောင်နဲ့ အဝတ်အထည်တွေ အရေးတကြီးလိုအပ်နေတယ်လို့ ကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က နမ့်ဆန်မြို့မှာ မီးလောင်ကျွမ်းခဲ့ကာ မီးဘေးသင့်ခံရသူတွေရဲ့ လတ်တလော လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး ကယ်ဆယ်ရေးလုပ်ပေးနေတဲ့ နမ့်ဆန်မြို့ ကာလဒါနအသင်း ဦးဆောင်ဆရာတော် ဦးဉာဏိက က မိန့်ကြားပါတယ်။
"မင်္ဂလာရပ်ကွက်နဲ့ မြို့နယ်ရပ်ကွက်ဆိုရင် အကုန်လုံးပြောင်သလောက်ပဲ၊ ဒီနေ့ ဘုန်းဘုန်းတို့ ကူညီပေးတဲ့အနေ အထားဆိုတော့ ဘုန်းဘုန်းတို့ ဦးဆောင်တဲ့ ကာလဒါနဆိုတဲ့အသင်းဆိုတာရှိတယ်၊ ဒီနမ့်ဆန်မြို့နယ်မှာ ဘုန်းဘုန်းတို့ရဲ့ကျောင်းကို အကုန်လုံးဒုက္ခသည်တွေကို ခေါ်လာတယ်၊ လောလောဆယ်ကတော့ စားသောက် ကုန်တွေက ပရဟိတအသင်းတွေ၊ မြို့နယ်ဆိုင်ရာ သီပေါ၊ ကျောက်မဲ၊ လားရှိုးစသည်းအားဖြင့်ပေါ့ လာရောက်ပြီးတော့ ကူညီပါတယ်၊ ဒါပေမဲ့ အရေးတကြီး လိုအပ်နေတာကတော့ ဆောင်းတွင်းလည်းဖြစ်တဲ့အခါ ကျတော့ အဝတ်အထည်တွေ၊ စောင်အိပ်ယာအိပ်ခင်းတွေ၊ အစားအသောက်တွေကတော့ ဒါလက်တလော အရေးတကြီးလိုအပ်နေတဲ့ကိစ္စပါ"
မီးဘေးသင့်သူတွေကို နမ့်ဆန်မြို့မဂိုဏ်ချုပ်ကျောင်း၊ မြို့တော်ခန်းမနဲ့၊ ခရစ်ယာန်ကျောင်းတွေမှာ ကယ်ဆယ်ရေးစခန်း ဖွင့်ထားပြီး နေရာချထားပေးပါတယ်။
သီပေါ၊ ကျောက်မဲ၊ လားရှိုး၊ မန္တလေး စတဲ့ မြို့နယ်တွေက အလှုရှင်တွေ လာရောက်လှူဒါန်းတာ ရှိနေပေမယ့် လက်ရှိ မှာသောက်သုံးရေ ပြတ်လပ်နေသလို ဆောင်းတွင်းကာလဖြစ်တာကြောင့် စောင်နဲ့အဝတ်အထည်တွေ အရေးတကြီး လိုအပ်နေပါတယ်။
နမ့်ဆန်မြို့ မင်္ဂလာရပ်ကွက်နဲ့ မြို့လယ်ရပ်ကွက်တို့ မီးဘေးသင့်ခံခဲ့ကြရာမှာ စုစုပေါင်း နေအိမ် ၂ဝဝ ကျော် မီးထဲပါသွားပြီး အိမ်ထောင်စုပေါင်း ၂၈၅ စု၊ လူဦးရေအားဖြင့် ၁၃ဝဝ နီးပါး ကယ်ဆယ်ရေးစခန်းတွေမှာ နေကြရပါတယ်။
နမ့်ဆန်မြို့နယ်ရဲတပ်ဖွဲ့ကတော့ အခုလောင်ကျွမ်းတဲ့မီးဟာ မင်္ဂလာရပ်ကွက် ဦးစောခိုင် ဆိုသူ နေအိမ်ကနေ စတင်လောင် ကျွမ်းတာဖြစ်ပြီး မီးလောင်ရတဲ့ အဓိက အကြောင်းအရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကိုတော့ စုံစမ်းနေဆဲပဲလို့ ပြောပါတယ်။
မနေ့က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မီးဘေးသင့်ပြည်သူတွေကို သွားရောက်တွေ့ဆုံပြီး ဆန်နဲ့ ငွေကြေးတွေကို လှူဒါန်းခဲ့ပါတယ်။
နမ့်ဆန်မြို့မှာ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလက ဇယာန်ကြီးရပ်ကွက်အနီးက နမ့်မော်ရွာမှာ မီးလောင်ခဲ့လို့ နေအိမ် အလုံး ၅ဝ မီးလောင်ခဲ့ပါတယ်။